စွန့်ပစ်စက္ကူများကိုပြန်လည်ပြုပြင်သုံးနည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းဆောင်ရွက်နေ

0
136

ပြည်တွင်း၌ စက္ကူလိုအပ်ချက်များစွာရှိပြီး စက္ကူထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျောများကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို ပြန်လည်ပြုပြင်နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယနေ့ မြန်မာနိုင်ငံတွင် စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သော ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဉ်ဝါးအလုံးရေ ၃၀၁ သန်း ထုတ်လုပ်ပေးနိုင်သည့်အတွက် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုးပေးနိုင်သကဲ့သို့ ရေရှည်ကုန်ကြမ်းရရှိစေရေးအတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုးစိုက်ခင်းများ တည်ထောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ရရှိရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပေါင်းစပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME များအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် သွင်းကုန်အစားထိုး ပြည်တွင်းလိုအပ်ချက်လုံလောက်ပါက ပြည်ပသို့တင်ပို့ရန် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ကောက်ရိုး၊ ချဉ်ပေါင်လျှော်နှင့် သမန်းမြက်တို့ကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ စက္ကူထုတ်လုပ်ပြီး ဂျပန်နိုင်ငံသို့တင်ပို့ရောင်းချနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) ရှိ Nilar Pulp and Paper စက္ကူစက်ရုံသို့ သွားရောက်၍ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here