တရုတ်တိုက်လေယာဉ်များ ဖိလစ်ပိုင် ကင်းလှည့်လေယာဉ်ကို လှည့်ပတ်ပျံဝဲ

0
234

တောင်တရုတ်ပင်လယ်မှာ သြစတြေးလျနဲ့အတူ ကင်းလှည့်ပျံသန်းမှုအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဖိလစ်ပိုင်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်နှစ်စင်းက လှည့်ပတ်စစ်ဆေး ပျံသန်းမှုလုပ်ခဲ့ကြောင်း မနီလာအစိုးရက တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၆) မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမယ့် မျှော်လင့်မထားတဲ့ ဖြစ်ရပ်အခြေအနေမျိုးတော့ မပေါ်ပေါက်ခဲ့ဘူးလို့လည်း ဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့သြစတြေးလျစစ်တပ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံရဲ့သီးသန့်စီးပွားရေးဇုန်မှာ ဒုတိယမြောက်နေ့အဖြစ် ပူးတွဲလေ့ကျင့်မှုတွေ လုပ်နေခဲ့တာပါ။ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အတင့်ရဲလာတဲ့ ခြေလှမ်းတွေအပေါ် ပစိဖိတ်နိုင်ငံတွေ သတိထားစောင့်ကြည့်နေရပါတယ်။ မနီလာဟာ အမေရိကန်နဲ့ပူးတွဲကင်းလှည့်မှုတွေလုပ်အပြီး ရက်ပိုင်းအကြာမှာ သြစတြေးလျနိုင်ငံနဲ့ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ရဲ့အစိတ်အပိုင်းတွေအပါအဝင် နှစ်စဉ် ကန်ဒေါ်လာ ၃ ထရီလီယံကျော်တန်ဖိုးရှိ ပင်လယ်ရေလမ်းကြောင်း စီးပွားရေးရေပြင်တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူတို့အပိုင်အဖြစ် သတ်မှတ်ပြောဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ရန်လိုတဲ့ လှုပ်ရှားမှုတွေကြောင့်ဆိုကာ ဖိလစ်ပိုင်က တန်ပြန်အစီအမံတွေ အရှိန်မြှင့်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here