ဝ ပြည်နယ်သို့ စစ်ရှောင်လာသူ (၃၀၀၀) ကျော်ကို တန့်ယန့်မြို့ဘက်သို့ ထပ်မံပို့ဆောင်

0
240

ဝ ပြည်နယ်ဘက်သို့ စစ်ရှောင်လာသူ (၃၆၁၈)ဦးအား တန့်ယန့်မြို့ဘက်သို့ ယမန်နေ့ နိုဝင်ဘာ (၂၈) နံနက်ပိုင်းက ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးဌာနတာဝန်ခံ ဦးညီရန်းက အသိပေးထားသည်။

ဝ ပြည်နယ်ဘက်သို့ ဝင်ရောက်လာသော စစ်ရှောင်ဦးရေ လေးသောင်းကျော်အနက် စစ်ရှောင် နှစ်သောင်းကျော်ကို ယမန့်နေ့ အထိ အသုတ်လိုက် ပို့ဆောင်ပေးနေခြင်းလည်းဖြစ်သည်။

စစ်‌ဘေးရှောင်များ စားဝတ်နေရေးအတွက် UWSA၏ ဗဟိုကော်မတီနှင့် ဝ ပြည်နယ်ရဲတပ်ဖွဲ့တို့က ထောက်ပံ့ကူညီမှုများလုပ်ဆောင်ပေးနေပြီး၊ ဝ ပြည်နယ် ရဲတပ်ဖွဲ့ မိသားစုဝင်များကလည်း ကျပ်သိန်း (၁,၂၀၀)ကျော်တန်ဖိုးရှိ တရုတ်ယွမ်(၂၇၀,၀၀၀) ကျော်)ကို ပေးအပ်လှူဒါန်းထားသည်။

လက်ရှိတွင် ဝ ပြည်နယ်မှတဆင့် နေရပ်များသို့ပြန်လိုသော စစ်ရှောင်များမှာ မိမိတို့အစီအစဉ်ဖြင့်ပြန်ကြသူများရှိသလို UWSA ၏ စီစဉ်ပေးမှုဖြင့် ပြန်နေကြသူများလည်းရှိနေသည်။

၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသော ညီနောင်မဟာမိသုံးဖွဲ့နှင့်တပ်မတော်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ သောင်းချီဝင်ရောက်လာပြီး၊ ၀ ပြည်နယ် နယ်စပ်ဂိတ်များဖြစ်ကြသည့် မိုင်းယန်းနှင့် မိုင်းပတ်ဂိတ်သို့ UWSA တာဝန်ရှိသူများက စီစဉ်ပို့ဆောင်ပေးလျက်ရှိနေခြင်းဖြစ်သည်။

ဓာတ်ပုံ – UWSA


LEAVE A REPLY

Please enter your comment!
Please enter your name here