ရှမ်းမြောက် လားရှိုးမြို့ အဝင်/အထွက် ပိတ်လိုက်ပြီဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ဟုဆို

0
291

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝင်/အထွက် မှာ ပုံမှန်အတိုင်း ဝင်ထွက်သွားလာခွင့်ပြုထားကြောင်း ဒေသခံ သတင်းအရင်းမြစ်များထံမှ စုံစမ်းသိရသည်။

“လားရှိုးမြို့ အဝင်/အထွက် ပိတ်လိုက်ပြီဆိုသည်မှာ မဟုတ်ပါဘူး။ သတင်းအမှားပါ။ ပုံမှန်အတိုင်း မနက် (၆) နာရီကနေ ည (၆) နာရီထိ ဝင်ထွက်ခွင့်ပြုထားပါတယ်”ဟု ဒေသခံ သတင်းအရင်းမြစ်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း လောက်ကိုင်ပြန် ရွှေ့ပြောင်းလုပ်သားများနှင့် နေရပ်ပြန်ပြည်သူများကို လားရှိုးမြို့အဝင် ဟိုပိတ်နှင့် တာပုံဘက်မှ ပေးမဝင်ဘဲ ပိတ်ထားသည်ဆိုသော သတင်းအမှားများ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွှေ့ပြောင်းလုပ်သားများ၊နေရပ်ပြန်ပြည်သူများကို စစ်ဆေးရေးအဖွဲ့များက စိစစ်ကာ ဖြတ်သန်းခွင့်ပြုလျက်ရှိပြီး ညနေပိုင်း နောက်ကျသူများကို မြို့ထဲသို့ဝင်ခွင့် မပေးတော့ကြောင်း ဒေသခံများထံမှ သိရသည်။

“လောက်ကိုင်က ပြန်လာသူတွေဟာ ဟိုပိတ်ဘုန်းကြီးကျောင်း၊ ဟိုပိတ်လမ်းဘေးဘက်၊ တာပုံဘက်တွေမှာ တစ်ရက်ကို လူဦးရေ ထောင်နဲ့ချီပြီး ပြန်လာနေကြတာ တွေ့ရပါတယ်။ သောက်ရေနဲ့ အစားအစာအတွက် အခက်အခဲဖြစ်နေကြောင်းလဲသိရပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ နေရပ်ပြန်များအား ဆုံကွယ်ရွာမှ အလှူရှင်တချို့လဲ ရေသန့်နှင့် ထမင်းဘူးများ ပေးလှူလျက်ရှိပြီး စေတနာရှင် အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက သွားရောက်လှူဒါန်းနိုင်ပြီး ဟိုပိတ်ဘုန်းကြီးကျောင်းတွင်လည်း လောက်ကိုင်မှ ပြန်လာသူများသည့်အတွက် ဟိုပိတ်ဘုန်းကြီးကျောင်းတွင် သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ (၂၉) ရက် နံနက်ပိုင်းမှ နေ့လယ်ထိ ဖြတ်သန်းခွင့်ပြုထားသူ ဦးရေ (၁၀၀၀) ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“မြို့ထဲက မိသားစု ဆွေမျိုးတွေထဲက သွားကြိုရင်လဲ ထောက်ခံစာ/မှတ်ပုံတင် ယူသွားကြပါ”ဟု ၎င်းက ဆိုသည်။

ထိုသို့ ဖြတ်သန်းသွားလာသူများ မြို့ထဲက သွားရောက် ကြိုဆိုသူများအနေဖြင့် မှတ်ပုံတင်၊ ထောက်ခံစာပါလျှင် ပိုအဆင်ပြေကြောင်း သတင်းအရင်းမြစ်က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here