တနင်္သာရီဒေသထွက် ပနားမီးပုစွန်ဖြူကို တရုတ်နှင့် ဂျပန်သို့ အများဆုံးတင်ပို့နေ

0
265

တနင်္သာရီတိုင်းဒေသကြီးရှိ ရေငန်မွေးမြူရေးကန်များတွင် စနစ်တကျ မွေးမြူထုတ်လုပ်လျက်ရှိသည့် ပြည်ပဈေးကွက်ဝင် ပနားမီး ပုစွန်ဖြူများကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

“တနင်္သာရီတိုင်း ဒေသကြီးမှာ ပနားမီး ပုစွန်မွေးမြူတာ (၅) နှစ်ကျော်ပဲ ရှိပါသေးတယ်။ အမြတ်အစွန်းကြီးသလို ရင်းနှီးမှုလည်း ကြီးတယ်။ မြန်မာ့ပုစွန်ဖြူက အရည်အသွေးကောင်းတဲ့အတွက် ပြည်ပနိုင်ငံတွေက နှစ်ခြိုက်ကြပြီး လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က အများဆုံး ဝယ်နေပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

တရုတ်နိုင်ငံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား MoU ရေးထိုးထားပြီးဖြစ်ရာ ပင်လယ်ပြင်ဖမ်းဆီး တင်ပို့မှုမှ ရေငန်ပုစွန်မွေးမြူ တင်ပို့မှုအထိ အခွင့်အလမ်းများစွာ ရရှိလာပြီဖြစ်ကြောင်း သိရသည်။

ပနားမီး ပုစွန်ဖြူကို ကော့သောင်းခရိုင်၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့၌ အများဆုံး မွေးမြူကြပြီး ပုစွန်ဖြူမျိုးစိတ်သားလောင်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူကာ အဆင့်ဆင့်မွေးမြူရာ သုံးလကျော် လေးလခန့်အကြာ၌ ရောင်းတန်းဝင် အဆင့်သို့ ရောက်ရှိကြောင်း သိရသည်။

ကော့သောင်းခရိုင် Grand Adman Co.,Ltd က (၁၈) ကန်၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည့်ဖြိုးထွန်းကုမ္ပဏီတွင် (၁၀၅) ကန်၊ ခိုင်ဇင်ယော်ကုမ္ပဏီ (မစမ်းပါး)တွင် (၅၃) ကန်၊ ပုလောမြို့နယ် ရွှေကံမော်ကုမ္ပဏီတွင် (၂၅) ကန်၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် The Best Myanmar Co.,Ltd တွင် (၈) ကန် တို့ဖြင့် ရေငန်ပုစွန်မွေးမြူသောဧက (၁၈၂၇.၄၄) ဧက၌ ကန်ပေါင်း (၂၀၉) ကန်တို့တွင် (၄)လခန့် တစ်ကြိမ်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီတစ်ခုလျှင် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၀) သန်းနှင့်အထက် ရရှိလျက်ရှိပြီး မွေးမြူရေးကုမ္ပဏီများ တိုးပွားလာပါက ပြည်ပပို့ကုန် ဝင်ငွေတိုးမြှင့် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here