ရှမ်းလက်နက်ကိုင်အဖွဲ့ (၂) ဖွဲ့ အပစ်ရပ်စဲကြောင်း ကြေညာ

0
264

ရှမ်းပြည်နယ် အခြေစိုက် အင်အားကြီး ရှမ်းလက်နက်ကိုင်အဖွဲ့(၂) ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တို့ ယနေ့ နိုဝင်ဘာ (၂၉) ရက်က စတင်ကာ အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လာသည်။

အဆိုပါ ပူးတွဲ ကြေညာချက်အရ ရှမ်းပြည်သူလူထုနှင့် သံဃာတော်များ၏ လိုလားချက်နှင့်အညီ အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နိုဝင်ဘာ (၂၉) ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဌာနချုပ်နှစ်ခုတို့မှ နှစ်ဘက်ကိုယ်စားလှယ် (၇) ဦးတို့ တွေ့ဆုံဆွေးနွေးကာ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် MNDAA ၊ TNLA နှင့် AA တို့ ဦးဆောင်ပါဝင်သော ပူးပေါင်းအဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်နေချိန်တွင် အင်အားကြီး ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်စဲခဲ့ခြင်းအပေါ် ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

ဝမ်းဟိုင်းတွင် ဌာနချုပ် အခြေစိုက်သည့် SSPP နှင့် ထိုင်း – မြန်မာနယ် လွယ်တိုင်းလျှန်တွင် အခြေစိုက်သည့် RCSS တို့ ရှမ်းမြောက်တိုက်ပွဲများအတွင် ပါဝင်လာတော့မည်လားဟူသည့် ထင်ကြေးပေးသုံးသပ်မှုများရှိနေသလို ယင်းကဲ့သို့ ဝင်ပါခဲ့ပါက ရှမ်းပြည်နယ်တောင်ပိုင်းအထိပါ စစ်မီးများ ကူးစက်လာနိုင်ကာ စစ်ဘောင်ကို ပိုမိုကျယ်ပျံ့လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ယနေ့ ထုတ်ပြန်သည့် အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက်တွင် RCSS ဘက်မှ ကိုယ်စားလှယ် (၄) ဦးနှင့် SSPP မှ ကိုယ်စားလှယ် (၃) ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး ရှမ်းလူထုနှင့် သံဃာတော်များအပါအဝင် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သိရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here