စစ်ဘေးရှောင်ထွက်ပြေးနေခြင်းမှာ အန္တရာယ်များကြောင်းနှင့် လောက်ကိုင် – ချင်းရွှေဟော်လမ်းကို အသုံးမပြုရန် ကိုးကန့်ဒေသ ဦးစီးအဖွဲ့သတိပေး

0
294

တစ်လကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာနေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ စစ်ဘေးရှောင် ထွက်ပြေးနေကြခြင်းမှာ အန္တရာယ်များပြီး လူငယ်များအနေဖြင့် လောက်ကိုင် – ချင်းရွှေဟော်လမ်းပိုင်းကို အသုံးမပြုသင့်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ပြောကြားလာသည်။

ယနေ့ နိုဝင်ဘာ (၂၉) ရက် ညဦးပိုင်းတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က လက်ရှိအခြေအနေနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်ဟု ဆိုကာ ထုတ်ပြန်သတိပေးလာခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိအချိန်၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း၌ နေရာအနှံ့အပြား၌ တိုက်ပွဲများဖြစ်ပွားနေပြီး ကိုးကန့်ဒေသအပြင်ဘက်သို့ စစ်ဘေးရှောင်ရန် မစွန့်စားသင့်ကြောင်း သတိပေးထားသည်။

အထူးသဖြင့် လူငယ်ပိုင်းများသည် လောက်ကိုင် – ချင်းရွှေဟော်လမ်းပိုင်းအား သွားလာရန်မသင့်တော်ဘဲ ဒေသပြင်ပသို့ ထွက်ပြေးစစ်ရှောင်ခြင်းသည် အလွန်အန္တရာယ်များပြီး မိမိတို့၏ အသက်လုံခြုံမှုအပါအဝင် အန္တရာယ်အမျိုးမျိုးနှင့် အလွယ်တကူကြုံတွေ့နိုင်ကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ယခုရက်ပိုင်းအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ ပြည်သူ ထောင်ပေါင်းများစွာ မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေကြသည့်ဖြစ်စဉ်ကို ရည်ညွှန်းပြောကြားဟန်တူသည်။

လက်ရှိတွင် ကိုးကန့်ဒေသဦးစီးအဖွဲ့အနေဖြင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်သူများမှ တင်ပြထားသည့် ဆန်၊ စားသုံးဆီ၊ ဟင်းသီးဟင်းရွက် စသည့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်စပ်လျဉ်း၍လည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ပြီး စားနပ်ရိက္ခာပြတ်လပ်မှုကို အချိန်တိုအတွင်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

ကိုးကန့် လူငယ်များ အနေဖြင့်လည်း ဒေသတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ပရဟိတ လုပ်ငန်းများကို ပိုမို ကြိုးပမ်းဆောင်ရွက်ကာ ဒေသအတွင်းရှိ ပြည်သူလူထုများနှင့်အတူ လက်တွဲပြီး အခက်အခဲများကို ကျော်လွှားကြရန်လည်း တိုက်တွန်း ပြောကြားထားသည်။

အောက်တိုဘာ (၂၇) ရက်မှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအနှံ့အပြားနီးပါးမှ စစ်ဘေးရှောင်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသတွင်းရှိ ဘေးလွတ်ရာနေရာများတွင်လည်း စစ်ဘေးရှောင်စခန်များ ဖွင့်လှစ်ခိုလုံနေရခြင်း ဖြစ်သည်။

ယင်းသို့ ခိုလုံလျက်ရှိရာတွင် တရုတ် – မြန်မာနယ်စပ်မျဉ်း မိုင်တိုင်အမှတ် (၁၂၅) တွင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခန့် ရောက်ရှိနေပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ ‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ စစ်ရှောင်ပြည်သူ တစ်သောင်းကျော် မြို့ကိုစွန့်ခွာကာ လောက်ကိုင် – ချင်းရွှေဟော်လမ်းမှတဆင့် ” ဝ” ပြည် နန့်တစ်မြို့ဘက်သို့ ကူးကာ စစ်ဘေးရှောင်နေကြပြီး ထိုမှတဆင့်ဘေးလွတ်ရာသို့ “ဝ” တပ်ဖွဲ့၏ အကူအညီဖြင့် ဆက်လက်ထွက်ခွာနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here