လွိုင်ကော်မြို့အား ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
9459

KNPP ၊ KNDF ပူးပေါင်းအဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်နေသည့် ကယားပြည်နယ် ၊ လွိုင်ကော်မြို့အား ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။

ယနေ့ နိုဝင်ဘာ (၂၉) ရက်တွင် ပြုလုပ်သည့် နစကအဖွဲ့အစည်းအဝေး (၆/၂၀၂၃) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုဝင်ဘာ (၁၁) ရက်က စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး တပ်မတော်မှ ထိန်းချုပ်ထားသည့် နေရာများအား KNPP နှင့် KNDF ပူးပေါင်းအဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ကာ အချို့မှာ လက်နက်ချခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ (၁၃) ရက်တွင် တပ်မတော်မှ လုံခြုံရေးယူထားသည့် လွိုင်ကော်တက္ကသိုလ်အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ်အား KNPP နှင့် KNDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်တွင် တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင်နှင့် တက္ကသိုလ်ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူ (၂၀၀) ကျော်ကို ခေါ်ဆောင်သွားခဲ့ပြီး အများစုကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများနှင့် မိသားစုဝင် အချို့ကို KNPP နှင့် KNDF ပူးပေါင်းအဖွဲ့များက ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်။

၎င်းတို့အား Non – CDM အကြောင်းပြချက်ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး တရားရေးဌာနဘက်သို့ လွှဲပြောင်းပေးသွားမည်ဟု KNPP နှင့် KNDF ပူးပေါင်းအဖွဲ့များက ထုတ်ပြန် ကြေညာထားသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လွိုင်ကော်တက္ကသိုလ်တွင် ကျင်းပမည့် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို နိုဝင်ဘာ (၁၃) ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်တို့ကိုလည်း ပိတ်ထားရကြောင်း သိရသည်။

ထို့အပြင် ကယားပြည်နယ်အတွင်းသို့ လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်လျက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးရမိမှုများရှိခဲ့သဖြင့် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသည်။

နိုဝင်ဘာ (၁၆) ရက်က ကယားပြည်နယ်သို့ ပို့ဆောင်မည့် လက်နက်မျိုးစုံ ၁၃၀ လက် ၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်းနှင့် အခြားခဲယမ်းများကို ဖမ်းဆီးရမိခဲ့ခြင်းကို ရည်ညွှန်းကာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here