မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေး

0
180

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ချန်သူးနိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် တို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ချုံချင့်မြို့တွင် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်နေမှုအခြေအနေများ၊ ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၀) နာရီတွင် ချုံချင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Wang Shufeng နှင့်လည်းကောင်း၊ (၁) နာရီ မိနစ်(၃၀) တွင် ချန်သူးနိုင်ငံခြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Yin Jian အားလည်းကောင်း ကောင်စစ်ဝန်ချုပ်ရုံး၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ချန်သူး နိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံစဉ် ချန်သူးမြို့နှင့် နိုင်ငံတကာကုန်သွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချန်သူးမြို့အကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ချန်သူးမြို့ ကုန်သွယ်ရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်ဘက်ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here