ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်း၌ တရုတ်နှင့်ရင်ဆိုင်နိုင်ရန် မဟာမိတ်များရှာဖွေနေ

0
151

မနီလာ၊နိုဝင်ဘာ ၃၀

အမေရိက၊ဩစတြေးလျတို့နှင့်ပူးတွဲစစ်ဆင်ရေးများလုပ်ဆောင်ပြီးနောက်တစ်ပတ်အကြာ၌ တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ဆင်ရေးလုပ်ပြီး ကင်းလှည့်ပေးနိုင်မည့် အခြားနိုင်ငံများကိုမျှော်လင့်ကြောင်းဖိလစ်ပိုင်၏ ထိပ်တန်းကာကွယ်ရေး အရာရှိကအင်တာဗျူး၌ပြောကြားခဲ့သည်။

ဂျပန်၊နူးဇီလန်၊ယူကေ၊ကနေဒါနှင့်ပြင်သစ်တို့သည် အငြင်းပွားနေရသည့်တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်မှုလုပ်ဆောင်နိုင်ရန်အလားအလာရှိသော မဟာမိတ်လောင်းလျာများအနက်ပါဝင်သည်ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂေးလ်ဘတ်ထ်တီဒိုရိုကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်းရှိတရုတ်၏လုပ်ရပ်များသည် နိုင်ငံတကာဥပဒေအခြေခံစံနှုန်းများအား လုံးဝလက်မခံသည့်ပုံပြနေပြီး ဖောက်ဖျက်ကျူးလွန်နေခြင်းဖြစ်သည်ဟုဆိုကာ ကမ္ဘာကြီးအနေဖြင့်လည်း ယခုကိစ္စအား ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းသင့်သည်ဟုလည်း၎င်းကဆိုခဲ့သည်။

လက်ရှိသမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်အတွင်း ဖိလစ်ပိုင်အနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေးတိုးမြှင့်ခဲ့သည့်အတွက် တရုတ်ဘက်မှ စစ်ရေးအရတိုးမြှင့်မှုများလည်းလုပ်ဆောင်လာခဲ့သည်ဟုဆိုခဲ့သည်။

ယင်းသို့စစ်ရေးအရတိုးမြှင့်မှုများရှိလာသည့်ကြားမှပင် ဖိလစ်ပိုင်သည် ပြီးခဲ့သည့်အပတ်က အမေရိက နှင့်သာမက ဩစတြေးလျတို့နှင့်ပါပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အမေရိကနှင့်ပြုလုပ်သည့်လေ့ကျင့်မှုအတွင်း တရုတ်ဘက်မှ လေယာဉ်များနောက်ယောင်ခံမှုများရှိခဲ့သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်းက ဆန်ဖရန်စစ္စကို၌ကျင်းပသည့် အာရှ – ပစိဖိတ်စီးပွားရေးဖိုရမ်ပြင်ပ၌လည်း ဖိလစ်ပိုင်သမ္မတမားကို့စ်သည် တရုတ်သမ္မတရှီနှင့်တွေ့ဆုံခဲ့ပြီး တင်းမာမှုများမြင့်တက်နေသည့် တောင်တရုတ်ပင်လယ်အရေးဆွေးနွေးခဲ့သေးကြောင်းလည်းသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here