ရုရှားတပ်များလုံးဝမဆုတ်မချင်း ငြိမ်းချမ်းရေးမဆွေးနွေး–သမ္မတဇလန်းစကီး

0
157

ကိဗ်၊နိုဝင်ဘာ ၃၀

ရုရှားတပ်များ မိမိတို့မြေမှ အပြီးတိုင် ဆုတ်ခွာသွားမှသာလျှင် ငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမည်ဟု ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအတော်များများနှင့် အနောက်နိုင်ငံခေါင်းဆောင်များသည် အစ္စရေးနှင့်ဟားမတ်စ်အရေးသို့အာရုံထားနေရသဖြင့် ယူကရိန်းစစ်အားရပ်တန့်စေလိုသည့်အရိပ်အယောင်များပြလာကြပြီး မော်စကိုနှင့်ကိဗ်တို့အား အပစ်အခတ်ရပ်စဲရန်တောင်းဆိုမှုများလည်းကြီးမားလာခဲ့သည်။

သို့သော်ယူကရိန်းသမ္မတကလက်မခံခဲ့ဘဲ ယခု အခြေအနေအတိုင်း စစ်ပွဲအားမရပ်တန့်နိုင်ကြောင်းဆိုကာ မိမိနိုင်ငံအား ရုရှားပိုင်နက်အဖြစ်လက်မခံနိုင်ဟုဆိုပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်မဟုတ်ကြောင်းလည်းဆိုခဲ့သည်။

ယနေ့အချိန်အထိလက်ခံရရှိခဲ့သောအကူအညီများနှင့်ပတ်သက်၍လည်း ကျေးဇူးတင်ကြောင်း၎င်းကဆိုပြီး ရုရှားခံစစ်အခိုင်အမာပြုထားသည့်နေရာများတွင် ယူကရိန်းစစ်သည်များအနေဖြင့်ထိုးစစ်ဆင်ရန်ခက်ခဲနေကြောင်းဆိုခဲ့ပြီး ၎င်း၏နိုင်ငံအနေဖြင့် စစ်ရေးအရရင်ဆိုင်ရာ၌ ရုန်းကန်နေရသည်ဟုလည်းဝန်ခံပြောကြားခဲ့သည်။

တစ်ဆက်တည်း၌ပင်၎င်းကဆက်လက်၍ အစ္စရေး – ဟားမတ်စ်ပဋိပက္ခသည်လည်း ရှစ်ပတ်တာကာလအတွင်းရောက်လာပြီဖြစ်ရာ အဆိုပါအရေးကြောင့် ရုရှား – ယူကရိန်းပဋိပက္ခအပေါ်အာရုံစိုက်မှုလျော့ကျကာ ထောက်ပံ့မှုလျော့ကျသွားမည်ကိုစိုးရိမ်မိသည်ဟုလည်းထုတ်ဖော်ပြောကြားခဲ့သည်။

“လက်ရှိမှာအားလုံးကအရှေ့အလယ်ပိုင်းကိုသာအာရုံစိုက်နေကြတယ်။ ဒါဟာရုရှားဖြစ်စေချင်တဲ့ပုံစံပါပဲ။ တကယ်လို့ကျွန်တော်တို့ဘက်က ရုရှားနဲ့ညှိနှိုင်းဆွေးနွေးလို့အဆင်ပြေသွားတယ်ဆိုရင်တောင် ခရိုင်းမီးယားကိုလုပ်သလိုအဖြစ်မျိုးထပ်ဖြစ်လာပြီး ရုရှားဘက်ကအခြေအနေပေးတာနဲ့ ထပ်တိုက်လာဦးမှာပဲမို့ အခုချိန်မှာညှိနှိုင်းဖို့ကိုလက်မခံတာပါ” ဟုလည်းဆိုခဲ့သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here