သန်လျင်တံတားအမှတ် (၃) အား ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအားလုံး ပြီးစီးစေရန် ဆောင်ရွက်နေ

0
268

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ် (၃) အား ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအားလုံးပြီးစီးစေရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြိုတော်ဝန်ဦးဗိုလ်ဌေးတို့သည် ယမန်နေ့ နိုဝင်ဘာ (၃၀) ရက်က တံတား တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ လုပ်ငန်းခွင်သို့သွားရောက်ပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တံတားချဉ်းကပ်လမ်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်နေမှု၊ Cable Stay Main Tower အမှတ် (၁) ( P-11) နှင့် အမှတ် (၂) (P-12) တို့ရှိ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ PC Box Girder များ တပ်ဆင်ပြီးစီးမှုတိုကို ကြည့်ရှု စစ်ဆေးပြီး ရေလမ်းကြောင်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးအချက်ပြများ၊ လမ်းညွှန်အမှတ်အသားများထားရှိရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် – ၃) ၏ တံတားအရှည်သည် ၃၅၀၀ မီတာရှိပြီး သံကူ ကွန်ကရစ် သံမဏိကြိုးဆိုင်း တံတားအမျိုးအစားဖြစ်ကာ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် လက်ရှိ အသုံးပြုနေသည့် ရန်ကုန်-သန်လျင်အမှတ် (၁) တံတားအနီး တည်ဆောက်နေခြင်းဖြစ်သည်။

ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံအင်ဂျင်နီယာများက တည်ဆောက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ကာ အဓိက ပင်မတံတားတည်ဆောက်ခြင်းများ ပြီးစီးပြီဖြစ်၍ လက်စသတ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအားလုံးပြီးစီးစေရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန်- သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်ကို လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေရေးအတွက်တည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ် (၃) တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မှသန်လျင်သို အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်ပြီး လက်ရှိကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာလာမည် ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here