မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်တော့မည်

0
355

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ (ဒလ)တံတားအား ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားဖြစ်လာမည်ဖြစ်ပြီး တန်ချိန် တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများ တံတားအောက်မှ ဖြတ်သန်းသွားနိုင်ရန် ၄၉ မီတာအမြင့်နှင့် တည်ဆောက်ထားပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည် အပေါ်တွင် သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်စုစုပေါင်း ၆၁၂၈ ပေ ရှိပြီး တံတားခံနိုင်ဝန်(ခွင့်ပြုယာဉ်အလေးချိန်)မှာ ယာဉ်တစ်စီးချင်း(၇၅)တန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို ၂၀၁၉ ခုနှစ်၊ မေလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တံတားကြီး တည်ဆောက်ပြီးစီးခဲ့လျှင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝင်ပေါက်၊ ထွက်ပေါက်တစ်ခုဖြစ်သွားမည်ဖြစ်ပြီး ရန်ကုန်မြစ်ကို ခြားနေသည့် ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်အခြမ်း တဆက်တည်းဖြစ်သွားမည်ဖြစ်ရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်သွားနိုင်ကြောင်း သိရသည်။

အဆိုပါ တံတား ပြီးစီးသွားပါက ရန်ကုန်မြို့မှ တဆင့် ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို အတိုင်းအတာ တစ်ခု အထိ ဖြေရှင်းပေးနိုင်မည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here