ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်

0
160

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ၊ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒီဇင်ဘာ (၂)ရက် နံနက် (၇)နာရီအချိန်ထုတ်ပြန်ချက် သိရသည်။

အဆိုပါ မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၅၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၅၀)မိုင်ခန့်တွင် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၀၅)မိုင်ခန့်၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ နီလိုရီမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ယနေ့ညနေအထိ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ယနေ့ညနေအထိ နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၆၀)နှင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀)ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here