ဒီဇယ်ဆီ ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် ပိုမိုအလေးထားဟု နစကထုတ်ပြန်

0
259

နိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အဓိကလိုအပ်သော ဒီဇယ်ဆီကို ယခင်ကထက် ပိုမို၍ အလေးထား ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းသုံးစွဲရန် စက်သုံးဆီလိုအပ်ချက်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် နိုင်ငံတော်အနေဖြင့် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် လက်ရှိပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းများသည် အာဆီယံဒေသတွင်း နိုင်ငံများထက် များစွာ လျော့နည်းသက်သာလျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိကသုံးစွဲနေသော ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် နိုင်ငံတော်အနေဖြင့် ပိုမိုအလေးထား ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆက်လက်ပြောကြားသည်။

စက်သုံးဆီဈေးနှုန်းသည် အဓိကအားဖြင့် ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းသည့် စင်္ကာပူနိုင်ငံမှ ထုတ်ပြန်သော MOPS ဈေးနှုန်းနှင့် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် မူတည်၍ အတက်/အကျ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းဒေသကြီးတွင် ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်လျက်ရှိပြီး သက်ဆိုင်ရာ သိုလှောင်ကန်စခန်းများမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းသို့ စက်သုံးဆီများ လိုအပ်သလို ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ဆီ 92 Ron နှင့် 95 Ron တစ်လီတာ ပျမ်းမျှ ကျပ် ၃၄၀ ခန့် မြင့်တက်ခဲ့သော်လည်း ဒီဇယ်ဆီဈေးနှုန်းသည် တစ်လီတာလျင် ကျပ် ၁၀ မှ ၁၅ ကျပ် ဝန်းကျင်သာ ဈေးတက်ခဲ့ကြောင်း သိရသည်။

ယနေ့တွင် ရိုးရိုးဒီဇယ် တစ်လီတာ ၂၂၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here