ယူကရိန်းထံမှ သတင်းဆိုးအတွက် မိမိတို့ ပြင်ဆင်ထားသင့်ဟု နေတိုးအကြီးအကဲပြောကြား

0
330

ယူကရိန်းထံမှ သတင်းဆိုးအတွက် နေတိုးသည် အသင့်နေဖြစ်သင့်ကြောင်း ARD ရုပ်မြင်သံကြားနှင့် စနေနေ့က တွေ့ဆုံမေးမြန်းခဲ့ရာတွင် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့သည်။

ယူကရိန်း၏ အနာဂတ်အခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မကင်း မေးမြန်းရာတွင် “သတင်းဆိုးအတွက် ကျွန်တော်တို့လည်း ပြင်ဆင်ထားသင့်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။ “စစ်ပွဲတွေဟာ အဆင့်ဆင့် အလိုက် ဖြစ်ပေါ်လာနေပါတယ်။ ဒါပေမယ့် အကောင်းနဲ့အဆိုး နှစ်မျိုးလုံးမှာ ယူကရိန်းကို ကျွန်တော်တို့ ပံ့ပိုးပေးရမှာဖြစ်ပါတယ်”ဟုလည်း သူကပြောသည်။

ခဲယမ်းများ ထုတ်လုပ်မှုကို မြှင့်တင်ရန် မိမိတို့အနေဖြင့် အရေးကြီးကြောင်း၊ လက်ရှိတွင် နေတိုး နိုင်ငံများ အနေဖြင့် ယူကရိန်းမှ တိုးမြှင့်တောင်းဆိုလာမှုကို ဖြည့်ဆည်းနိုင်ခြင်း မရှိကြောင်း Stoltenberg က ပြောကြားခဲ့သည်။ ယူကရိန်းသည် ယခုအခါ စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေသော်လည်း ဘာလုပ်သင့်သည်ကို အကြံပြုရန် မေးခွန်းကိုမူ ဖြေကြားရန် သူက ငြင်းဆိုခဲ့သည်။

“ဒီခက်ခဲတဲ့ စစ်ဆင်ရေးဆုံးဖြတ်ချက်တွေချဖို့အတွက်ကတော့ ယူကရိန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေပဲဖြစ်ပါတယ်” ဟုလည်း Stoltenberg က ပြောကြားခဲ့သည်။

ဥရောပကာကွယ်ရေးစက်မှုလုပ်ငန်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မှတ်ချက်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းသင့်တဲ့ ပြဿနာတွေထဲက တစ်ခုကတော့ ဥရောပ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေ အကွဲကွဲအပြားပြား ဖြစ်နေတာကိုပါပဲ” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စရပ်မှာမူ ဥရောပ၏ အကျိုးစီးပွားအတွက်ဖြစ်ပြီး စက်မှုလုပ်ငန်းများ၏ အလုပ်အကိုင်များ ကောင်းမွန်နေစေရန်ဖြစ်ကြောင်း နေတိုးအကြီးအကဲက ပြောကြားခဲ့သည်။ “ဝယ်လိုအားများလာတဲ့အတွက် ခဲယမ်းဈေးတွေ တက်မလာဖို့ အရေးကြီးတယ်”ဟုလည်း သူက ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here