ဂျပန်နိုင်ငံက ပြည်ပလုပ်သား ခေါ်ယူရာတွင် မြန်မာအပါအဝင် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံတို့မှ လုပ်သားများကို ပိုမိုတိုးမြှင့်ခေါ်ယူလာ

0
198

၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံတို့မှ လုပ်သားများ ပိုမိုတိုးမြှင့် ခေါ်ယူလာကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEA) မှ သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် ပြည်ပလုပ်သားခေါ်ယူရာတွင် ယခင်က ဗီယက်နမ် လူမျိုးများကို ခေါ်ယူမှုများခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် မြန်မာ၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံတို့မှ လုပ်သားများကို ပိုမိုခေါ်ယူလာခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ခေါ်ယူမှုအနေဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် ခေါ်ယူလျက်ရှိရာ တစ်ကြိမ်လျှင် လုပ်သားဦးရေ ထောင်ဂဏန်းဝန်းကျင်အထိ ခေါ်ယူကြောင်းနှင့် ဂျပန်နိုင်ငံတွင် လူငယ် လူရွယ်နည်းပါးခြင်းကြောင့် လူငယ်များ လုပ်ကိုင်ရသည့် အလုပ်များကို ပိုမိုခေါ်ယူလာသည်ကို တွေ့ရကြောင်း MOEA မှ သိရသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၆) ရက်မှ (၃၀) ရက်အတွင်း အလုပ်ခေါ်စာများကို စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် ကမ်းလှမ်းစာ (၂၈၈) စောင်အရ ဂျပန်ကုမ္ပဏီ (၂၀၀) ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀) ကျော်၊ အမျိုးသမီး (၅၀၀) ကျော် စုစုပေါင်း (၈၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် နိုဝင်ဘာ (၁)ရက်မှ (၁၅)ရက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၁၃)စောင်တွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၈၀၀) ကျော် ခေါ်ယူထားကြောင်း သိရသည်။

ထို့အပြင် မြန်မာလူငယ်များအနေဖြင့်လည်း ဂျပန်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ခွင့်ရရှိနိုင်ရန် ဂျပန်စာ အရည်ချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုသူ အရေအတွက်များပြားလျက်ရှိကြောင်းလည်း သင်တန်းကျောင်းများမှ သိရသည်။

ဒီဇင်ဘာ (၃)ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲ (JPLT)ကို ဝင်ရောက်ဖြေဆိုသူ အရေအတွက် ထောင်နှင့်ချီရှိသောကြောင့် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် နေရာ (၂)ခု၌ ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here