ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပြန်လည်သိမ်းပိုက်နေပြီဟု ပါလက်စတိုင်းဝန်ကြီးချုပ် ပြောကြား

0
278

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြှောင်ကို ပြန်လည်သိမ်းပိုက်ကာ နယ်မြေအတွင်း ကြားခံဇုန်များ ဖန်တီးရန် အစီအစဉ်များကို အကောင်အထည်ဖော်နေကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammad Shtayyeh က Ramallah ၌ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဂါဇာကမ်းမြှောင် ပြန်လည်သိမ်းပိုက်ခံရတဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပြီး အဲဒီထဲမှာ ကြားခံဇုန်တွေ ထူထောင်ဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်တွေကို ကျွန်တော်တို့က လုံးဝ ငြင်းပယ်ပြီး သူတို့စီစဉ်နေတာတွေကိုလဲ လက်မခံပဲ ပယ်ချဖို့ တစ်ကမ္ဘာလုံးကို တောင်းဆိုပါတယ်” ဟု ဝန်ကြီးချုပ်ပြောကြားချက်ကို ကိုးကား၍ ပါလက်စတိုင်း သတင်းဌာန WAFA က ရေးသားထားသည်။

“ကြားခံဇုန်တွေဟာ ဂါဇာကမ်းမြှောင်ရဲ့ ဖွဲ့စည်းပုံကို ဖျက်ဆီးနေပြီး၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တဲ့ နယ်မြေချဲ့ထွင်မှုတွေဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ Shtayyeh ၏ အဆိုအရ အဆိုပါ ဧရိယာသည် ၅၅၅ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသော်လည်း ယနေ့အချိန်တွင် ၃၆၄ စတုရန်းကီလိုမီတာထက် အနည်းငယ်သာ ပိုမိုကျယ်ဝန်းတော့သည်။

အစ္စရေးသည် မြေပြင်စစ်ဆင်ရေး ပြီးဆုံးပြီးနောက် နယ်မြေအတွင်း တပ်ဖွဲ့ဝင်များထားရှိရန် အစီအစဉ်မရှိသော်လည်း ဂါဇာနယ်စပ်တွင် လုံခြုံရေးကြားခံဇုန်တစ်ခု ဖန်တီးရန် ဆွေးနွေးနေသည်ဟု အရာရှိတစ်ဦးပြောကြားချက်ကို ကိုးကား၍ Times of Israel က ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။ ယင်း သတင်းစာ၏ဖော်ပြချက်အရ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu သည် အဆိုပါအစီအစဉ်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ၃၈ နှစ်ကြာ သိမ်းပိုက်ထားခဲ့သော ဂါဇာကမ်းမြှောင်ဒေသမှ ၂၀၀၅ ခုနှစ်က ထွက်ခွာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here