ဂါဇာတောင်ပိုင်းမှ (၂၄) နာရီအတွင်း ထွက်ခွာရန် WHO ဆေးအဖွဲ့ကို အစ္စရေးစစ်တပ် သတိပေး

0
259

မြေပြင်ထိုးစစ်တွေမစခင် ဂါဇာတောင်ပိုင်းရှိ အကူအညီပေးရေးလုပ်ငန်းတွေ အခြေချဆောင်ရွက်နေတဲ့ ဂိုဒေါင်တစ်ခုကနေ ထွက်ခွာကြဖို့ ကုလသမဂ ကျန်းမာရေးအေဂျင်စီကို အစ္စရေးစစ်တပ်က အသိပေးအကြောင်းကြားလာခဲ့တယ်လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဟာနန် ဂါဘရီယေဆပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောဆိုပါတယ်။

မြေပြင်ထိုးစစ်တွေလုပ်ရင် အသုံးပြုလို့ မရနိုင်တော့တာကြောင့် ဂါဇာတောင်ပိုင်းရှိ မိမိတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂိုဒေါင်ကနေ ထောက်ပံ့ရေးပစ္စည်းတွေကို ၂၄ နာရီအတွင်း သယ်ထုတ်သွားဖို့လိုကြောင်း အစ္စရေးစစ်တပ်ရဲ့ အကြောင်းကြားချက်ကို ယနေ့မှာ WHO က ရရှိခဲ့တယ်လို့ တက်ဒရိုစ်က ယခင်က တွစ်တာလို့သိကြတဲ့ X လူမှုကွန်ရက်မှာ ရေးသားပြောဆိုခဲ့ပါတယ်။

ယခုညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းပေးဖို့၊ ဆေးရုံတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံတွေအပါအဝင် အရပ်ဘက် အခြေခံအဆောက်အဦးတွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး ဖြစ်နိုင်သမျှ အစီအမံမှန်သမျှကို လုပ်ဆောင်ပေးဖို့ အစ္စရေးကို မိမိတို့ မေတ္တာရပ်ခံကြောင်း သူက ဆက်လက်ရေးသားခဲ့ပါတယ်။

ဂါဇာဒေသမှ ဟားမတ်စစ်သွေးကြွအဖွဲ့ရဲ့အောက်တိုဘာ (၇) ရက်က အစ္စရေးတောင်ပိုင်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း အရပ်သားအများစုပါဝင်တဲ့ လူ ၁၂၀၀ ခန့်သေဆုံးခဲ့ကာ ၂၄၀ ဝန်းကျင် ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း အစ္စရေး တာဝန်ရှိသူတွေရဲ့ အပြောအရ သိရပါတယ်။

ယင်းလုပ်ရပ်ကြောင့် ဟားမတ်စ်အဖွဲ့ကို ချေမှုန်းပစ်မယ်လို့ အစ္စရေးက ကြုံးဝါးခဲ့ပြီး မြေပြင်ထိုးစစ်နဲ့အတူ လေကြောင်း၊ အမြောက်တပ်၊ ရေတပ်တို့ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း အမျိုးသမီးနဲ့ ကလေးအများစု အပါအဝင် လူပေါင်း ၁၅၉၀၀ ဝန်းကျင်သေဆုံးခဲ့ရပြီလို့ ဟားမတ်စ်အုပ်ချုပ်တဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ဆိုခဲ့ပါတယ်။

လက်ရှိမှာ ဟားမတ်စ်အဖွဲ့အပေါ် စစ်ဆင်ရေးတိုးချဲ့မှုအဖြစ် တနင်္လာနေ့မှာ အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းနယ်မြေအတွင်း တင့်ကားဒါဇင်ချီ စေလွှတ်လိုက်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here