ရှမ်းမြောက်ဒေသတွင် ကုန်သွယ်ရေးအတွက် အရေးပါသော တံတားလေးစင်း ဖျက်ဆီးခံရသည့်အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်နေဟုဆို

0
203

ရှမ်း‌ပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေရာ၊ ယင်းဒေသရှိ ကုန်သွယ်ရေးအတွက် အရေးပါသော တံတား (၄)စင်း ဖျက်ဆီးခံရပြီး‌နောက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယင်းဖျက်ဆီးခံရသည့် တံတားလေးစင်းမှာ ပင်လုံနှင့်ဟိုပန် ဆက်သွယ်ထားသောကောင်းစံ – နန့်သိန်းချောင်းတံတား၊ မူဆယ်နှင့် လားရှိုးဆက်သွယ်ထားသော သိန္ဒီမြို့အဝင်တံတား၊ ကျောက်မဲနှင့် သီပေါဆက်သွယ်ထားသော ကျင်သီတံတား ၊ မန္တလေးနှင့် လားရှိုးဆက်သွယ်ထားသော သီပေါ – လားရှိုးကြားရှိ စဉ့်အင်တံတားတို့ပျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

“ကုန်သွယ်ရေး အရေးပါတဲ့ တံတားတွေပေါ့ဗျာ။ ပြီးတော့ဒေသအတွင်း အချင်းချင်းလည်း ကုန်သွယ်ရေး အားပြုနေရတာပေါ့။ ဒါတွေဖျက်ဆီးခံရတော့ ဒေသတွင်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ပြီးတော့ ဈေးနှုန်းတွေကြီးလာတယ်။ နောက်တစ်ခုက သွားလာမယ့် လမ်းကြောင်းတွေက တစ်ရက်ခရီးရောက်မယ့်နေရာမှာ သုံးလေးရက်သွားနေရတော့ ကုန်သွယ်မှုတင်မဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေးစရိတ်တွေပါ မြင့်လာတယ်။ ကျွန်တော်တို့ ပြည်သူကတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက စစ်ရေးအရဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒါ‌မျိုးတွေလုပ်တာတော့ရှုံချတယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအတွင်း သွားလာရန်လမ်းကြောင်းတစ်ကြောင်းသာရှိပြီး၊ အဆိုပါ လမ်းကြောင်းမှာလည်း သုံးလေးရက်သွားလာရသဖြင့် ယာဉ်စီးခတစ်ဦးလျှင် ကျပ်သုံးသောင်းဝန်းကျင် ပေးနေရကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းမှာ မူဆယ် – နမ့်ခမ်း – မုန်းဝေး – နမ့်ဟိုင်း – နမ္မတူ – လားရှိုး လမ်းပိုင်းကို အရဲစွန့် အသုံးပြုသွားလာနေကြရကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများသည် ယနေ့အချိန်အထိ ဖြစ်ပွားနေသည့်အတွက် ယင်းဒေသအတွင်း ရှိစစ်ဘေးရှောင် သိန်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အခြေအနေတစ်ခု ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here