ထိုင်းမှာ ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတစ်စီး လမ်းချော်ကာ သစ်ပင်ကိုဝင်တိုက်မိပြီး လူ (၁၄) ဦးထက်မနည်း သေဆုံး

0
198

ထိုင်းနိုင်ငံ ပရာကျောက်ခီရီခရိုင်မှာ ဒီနေ့ (ဒီဇင်ဘာ ၅) မနက်ပိုင်းက ခရီးသည်တင်နှစ်ထပ် ဘတ်စ်ကားတစ်စီး လမ်းချော်ကာ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့တာကြောင့် လူ (၁၄) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့တယ်လို့ Thai PBS World သတင်းမှာ ဖော်ပြပါတယ်။

ခရီးသည် (၄၆) ဦးနဲ့ ယာဉ်မောင်း/ယာဉ်နောက်လိုက် (၃) ဦး ပါဝင်တဲ့ ဘတ်စ်ကားဟာ ဘန်ကောက်ကနေ ဆွန်ခလာပြည်နယ် နာသာဝီခရိုင်ကို ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။

Hatwanakom အမျိုးသားဥယျာဉ်အနီးမှာ ဒီနေ့မနက် (၁) နာရီလောက်က ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး SrisiamTours ခရီးသွားလုပ်ငန်းပိုင် ဘတ်စ်ကားဖြစ်တယ်လို့ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

ကနဦး စစ်ဆေးမှုအရ ယာဉ်ပေါ်ပါသူ (၁၄) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရခဲ့တယ်လို့ အမှုစစ်ရဲအရာရှိတစ်ဦးဖြစ်တဲ့ အေမွန်တန်တိုက AFP သတင်းကို ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုဆက်လုပ်နေဆဲဖြစ်တယ်လို့ ဆိုခဲ့ကြောင်းလည်း သိရပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးမယ့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အသက်ဘေးလွတ်ခဲ့တဲ့ ဒရိုင်ဘာဖြစ်သူဟာ ကောင်းကောင်းအိပ်ခဲ့ရပုံမရဘူးလို့ သံသယရှိကြောင်းနဲ့ သူ့ရဲ့ သွေးတွင်းက အယ်လ်ကိုဟောပါဝင်မှုကို စစ်ဆေးဖို့ ဆေးရုံနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ယာဉ်မတော်တဆမှုအတွင်း သေဆုံးခဲ့သူအားလုံး ထိုင်းနိုင်ငံသားတွေ ဖြစ်သလားဆိုတာကို ရဲက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here