စက်သုံးဆီ ပြတ်လပ်မည့်အခြေအနေရှိသည့်မူဆယ်မြို့တွင် စက်သုံးဆီ မပြတ်စေရန် တရုတ်မှ ဝယ်ယူရောင်းချမည်

0
161

ရှမ်းမြောက်တိုက်ပွဲများ စတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ ပြည်မနှင့် ဆက်သွယ်ရေး လမ်းကြောင်းပြတ်တောက်နေသည့် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီ ပြတ်တောက်ခြင်း မဖြစ်ပေါ်စေရန် တရုတ်နိုင်ငံမှ စက်သုံးဆီ တင်သွင်းပြီး ရောင်းချရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သည် ယူနန်ပြည်နယ် အာဏာပိုင်များနှင့် ညှိနှိုင်းမှုဖြင့် ဝယ်ယူတင်သွင်းခြင်းဖြစ်ပြီး မူဆယ်ဒေသခံများအား ပြန်လည်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၅)ရက် နေ့လယ်ပိုင်းတွင် နှစ်ဘက်တာဝန်ရှိသူများ၏ ညှိနှိုင်းမှုဖြင့် တင်သွင်းလာသည့် စက်သုံးဆီဘောက်ဆာကား (၇) စီး တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ်မှ မူဆယ်ဘက်အခြမ်းသို့ ဝင်ရောက်လာကြောင်း မူဆယ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးကွန်ရက်မှ သိရသည်။

” ဌာနဆိုင်ရာ ခရိုင်အဆင့် မြို့နယ်အဆင့် တာဝန်ရှိသူတွေနဲ့ ဟိုဘက်က ယူနန်ပြည်နယ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ မနက်က ဆီဘောက်ဆာ (၇) စီး သွင်းလာတာတော့ တွေ့တယ်။ ဒီဘက်က ဝယ်တာပေါ့နော်။ သူတို့က လှူတာတော့ မဟုတ်ပါဘူး။ မူဆယ်ဒေသမှာတော့ ဒီဆီဘောက်ဆာ (၇) စီးက လုံလောက်တယ်လို့ ပြောရမှာပေါ့” ဟု မူဆယ်အခြေစိုက် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၀) ဝန်းကျင်သာ ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလမှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဆီလက်ကျန်နည်းပါးကာ ပြတ်လပ်နိုင်သည့် အခြေဖြစ်နေချိန်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံမှတင်သွင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၅) ရက် နံနက်ပိုင်းတွင် မူဆယ် ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကာ ဆီဆိုင်များ၌ တိုး‌ဝှေ့ဝယ်ယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်စရာမလိုတော့သော်လည်း ဈေးနှုန်းမြင့်တက်မည့် အခြေအနေကို ရင်ဆိုင်ရနိုင်သေးကြောင်းလည်း မူဆယ်ဒေသခံများက ဆိုသည်။

” အခု တစ်လီတာကို (၃၃၀၀/၃၄၀၀/၃၅၀၀) လောက်ပေါ့။ အဲဒီလောက်ဖြစ်နေတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် မကွာဘူး။ ကွာလည်း ၅၀/၁၀၀ ပေါ့ ” ဟု မူဆယ်ဒေသခံတစ်ဦးက ဆိုသည်။

မူဆယ်မြို့သည် တရုတ် – မြန်မာနယ်စပ်မြို့ဖြစ်သည့်အတွက် ဆန်၊ဆီ၊ဆား၊ ငြုပ်၊ ကြက်သွန်ကဲ့သို့သော စားသောက်ကုန်ပစ္စည်းများ ပြတ်တောက်မည်ကို စိုးရိမ်စရာ မလိုဘဲလိုအပ်ပါက တရားဝင်လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ သွားရောက် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက်


LEAVE A REPLY

Please enter your comment!
Please enter your name here