ဆီဆိုင်မြို့တွင် စစ်ရှောင် စခန်း(၂၁)ခုအထိတိုးလာ၊ စစ်ရှောင်များအနက် အမျိုးသမီးနှင့်ကလေးငယ်အများဆုံးဖြစ်ဟု ဆို

0
144

ဆီဆိုင်မြို့ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ စစ်ရှောင်စခန်း (၂၁)ခု အထိ တိုးဖွင့်လာရပြီး၊ စစ်‌ရှောင် တစ်သောင်းကျော်အနက် အမျိုးသမီးနှင့် ကလေးငယ်များ အများဆုံးဖြစ်သည်ဟု ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၊ ဆီဆိုင်မြို့ဆက်ဆံရေးရုံးတာဝန်ခံ ခွန်ထွန်းက ပေါ်ပြူလာနယူးစ် ကိုပြောသည်။

အဆိုပါ စစ်ရှောင်စခန်း(၂၁)ခုအနက် (၂)ခုမှာ တရားဝင်ဖွင့်ထားခြင်းမဟုတ်သော်လည်း နေရာအခက်အခဲကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွင် ထားရှိရသည်ဟုဆိုသည်။

စစ်ရှောင်ပြည်သူများသည် ကရင်နီပြည်မှ အများဆုံးဝင်ရောက်လာခြင်းဖြစ်ပြီး၊ လက်ရှိတွင် ၎င်းတို့အတွက် အမျိုးသမီးသုံးပစ္စည်းများအပြင် စားသောက်ရေးအတွက် အခက်အခဲရှိလာသည်ဟု ပြောသည်။

” အမျိုးသမီးနဲ့ကလေးတွေများတယ်။ ကျွန်တော်တို့ သေချာ လေ့လာကြည့်တော့ အမျိုးသားတွေက ပြေးပြေးလွှားလွှားလုပ်နိုင်တဲ့အတွက် ရွာတွေမှာအိမ်စောင့်ကျန်ခဲ့တဲ့သဘောပေါ့။ အချို့ကလည်း နိုင်ငံရပ်ခြားအလုပ်သွားလုပ်နေကြတာမျိုးလည်းရှိတယ်။ တိုက်ပွဲဖြစ်လာရင် အန္တရာယ်ဖြစ်နိုင်တာကြောင့် အမျိုးသမီးနဲ့ ကလေးတွေကို ဘေးလွတ်ရာကို ပို့ပြီး စိတ်ချရမှ သူတို့ရွာမှာ ရွာစောင့်သဘောမျိုး ကျန်နေခဲ့ကြတာ။ အမျိုးသမီးများတော့ လစဉ်သုံးပစ္စည်းကလည်း မဖြစ်မနေအထောက်အပံ့ပြုရတဲ့အထဲပါလာတာပေါ့။”ဟု ရှင်းပြသည်။

ထို့အထဲ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကျန်းမာရေးချို့တဲ့သူများလည်း ပါဝင်လာသဖြင့် ဆေးဝါးများလိုအပ်လျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အလှူရှင်များအလွန်ခက်ခဲလာပြီး ရွာခံများက ကိုယ်ထူ ကိုယ်ထဖြင့် ရှာဖွေကျွေးမွေးနေရသည့်အဆင့်ရောက်နေကြောင်း၊ အလှူရှင်များအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လာရောက်ကူညီလှူဒါန်းပေးရန်လည်း PNLO စစ်ရှောင်ကော်မတီက တောင်းဆိုထားသည်။

စစ်ဘေးရှောင်အများစုသည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ၊ လာဇရုကျေးရွာ၊ အောင်ကလပ်ကျေးရွာ၊နောင်ထောဝ်ကျေးရွာနှင့် မြို့ပေါ်ဖြစ်သည့် ဘုရားဖြူရပ်ကွက် ၊ ဟိုခဲရပ်ကွက်၊ အောင်သပြေရပ်ကွက်၊ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မြကန်သာရပ်ကွက်တွင်အများဆုံး ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here