ပင်လယ်နီတွင်ကုန်တင်သင်္ဘောများတိုက်ခိုက်ခံရ

0
152

ပင်လယ်နီတောင်ပိုင်းရှိ အပြည်ပြည်ဆိုင်ရာ ရေပြင်၌ ကုန်တင်သင်္ဘော (၃)စီး တိုက်ခိုက်ခံခဲ့ရ​ကြောင်း အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့ပြီး ယင်းရေပြင်ဧရိယာမှာ အစ္စရေးသင်္ဘောနှစ်စီးကို ဒရုန်းနှင့်ဒုံးကျည်သုံး တိုက်ခိုက်ခဲ့တယ်လို့ ယီမင် ဟူသီသူပုန်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဟူသီသူပုန်အဖွဲ့ ထိန်းချုပ်ရာ နယ်မြေကနေ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်လာခဲ့ချိန်မှာ အရေးပေါ် အကူအညီတောင်းခံမှုနဲ့ သင်္ဘောတွေကို ကာကွယ်ထောက်ပံ့မှုပေးရေးအတွက် အမေရိကန် ဖျက်သင်္ဘော The Carney က တုန့်ပြန်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲမှုဋ္ဌာနချုပ်က ဆိုပါတယ်။

အစ္စရေး သင်္ဘောတွေဖြစ်တဲ့ Unity Explorer နဲ့ Number 9 တို့ကို လက်နက်တပ် ဒရုန်းတစ်စင်း၊ ရေကြောင်း ဒုံးကျည်တစ်စင်းတို့သုံးကာ မိမိတို့ ရေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဟူသီသူပုန်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

သတိပေးချက်ကို မလိုက်နာခဲ့တာကြောင့် သင်္ဘော (၂)စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟူသီအဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အသေးစိတ်အကြောင်းအရာ မဖော်ပြဘဲ ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယီမင်ပြည်သူလူထုရဲ့ လိုလားချက်၊ ပါလက်စတိုင်းပြည်သူတွေနဲ့ရပ်တည်ပေးရေး အစ္စလာမ်မစ်နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို တုန့်ပြန်လိုက်တာဖြစ်တယ်လို့လည်း ရုပ်သံထုတ်ပြန်ချက်မှာ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသွားပါတယ်။

အမေရိကန်စစ်တပ်က ပြောဆိုရာမှာတော့ ကုန်သင်္ဘောတွေကို စောင့်ရှောက်ကူညီမှုအဖြစ် ဖျက်သင်္ဘော Carney က ဒရုန်း (၃)စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဖျက်သင်္ဘောကိုယ်တိုင်ကိုတော့ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒီတိုက်ခိုက်မှုဟာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့လည်း အမေရိကန်စစ်တပ်က ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here