ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်နေ၍ အရောင်းဆိုင်အချို့ ပိတ်ထားရ

0
202

ရန်ကုန် သီလဝါဆိပ်ကမ်းတွင် ဆီထုတ်ယူ၍ မရဖြစ်နေကာ မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင်လည်း စက်သုံးဆီများ ပြတ်လပ်နေသည့်အတွက် အရောင်း​ခေတ္တပိတ်ထားရကြောင်း မြေပြင်သတင်းများအရ စုံစမ်းသိရသည်။

ဒီဇင်ဘာ (၄) ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူ၍ မရသည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ဒီဇင်ဘာ (၅) ရက်မှစတင်ကာ ဆိုင်အများစု၌ စက်သုံးဆီအမျိုးအစားအားလုံး ဝယ်ယူ၍ မရ​သေးကြောင်း သိရသည်။

” မနက် ၅ နာရီကတည်းက လာတန်းစီထားတာ။ ဆီဆိုင်ကတော့ မဖွင့်သေးဘူး။ ဆီကားလာမှ ရောင်းပေးမယ်ပြောတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာ (၆) ရက်နံနက်တွင် ရန်ကုန်မြို့ရှိ ဆီဆိုင်အများစုတွင် အရောင်းပိတ်ထားကာ သီလဝါတွင် စက်သုံးဆီသွားရောက် ထုတ်ယူလျက်ရှိပြီး ဆီကားလာမှ ရောင်းချပေးနိုင်မည်ဟု ဆိုင်ဝန်ထမ်းများကပြောဆိုကြောင်း ဆီသွားရောက်တန်းစီသူများက ဆိုသည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ကားအစီးရေ ရာနှင့်ချီ၍  ဆီထုတ်ယူရန်စောင့်ဆိုင်းနေပြီး မြို့တွင်းဆီဆိုင်အများစုအနေဖြင့် ဆီရောက်ရှိပါက ရောင်းချပေးမည်ဟု ဗီနိုင်းဆိုင်းဘုတ်များ ကပ်ထားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းတွင်လည်း ဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး အစိုးရက ပြည်တွင်း၌ စက်သုံးဆီ အလုံအလောက်ရှိသည်ဟု ထုတ်ပြန်ကြေညာခဲ့သည့်အပြင် ဆီရှိလျက်နှင့် ရောင်းချမပေးသည့် ဆီဆိုင်အချို့ကို အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ ရန်ကုန်မြို့ စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ၂၆၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here