အရှေ့အလယ်ပိုင်းခရီးစဉ်တွင် ဆော်ဒီနှင့် ယူအေအီးသို့ သမ္မတပူတင် ရောက်ရှိ

0
163

ယူကရိန်းနှင့် စစ်ဖြစ်နေချိန်အတွင် တတိယမြောက် ပြည်ပခရီးအဖြစ် အရှေ့အလယ်ပိုင်းဒေသို့ ခရီးလှည့်သော ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံများသို့ အလည်အပတ်ရောက်ရှိခဲ့သည်။

ပူတင်သည် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံခဲ့ပြီး၊ “ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး” ဟုပြောကြားခဲ့ကာ ဆော်ဒီမင်းသားအား မော်စကိုသို့ အလည်အပတ်ခရီး ဖိတ်ကြားခဲ့သည်။

မင်းသား မိုဟာမက်က ဆော်ဒီ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့အလယ်ပိုင်းရှိ တင်းမာမှုများ အများအပြားကို ဖယ်ရှားနိုင်ခဲ့ပြီး လုံခြုံရေးကို တိုးမြှင့်ရန် အထောက်အကူ ဖြစ်စေကြောင်းနှင့် အနာဂတ်တွင်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ရေနံဈေးကွက်ကိစ္စများအပြင် ဂါဇာစစ်ပွဲတွင် အရှိန်လျော့စေမည့် နည်းလမ်းများကို ဆွေးနွေးကြမည်ဟု ဆွေးနွေးပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။

ထို့အပြင် ပူတင်သည် ယူအေအီးနိုင်ငံတွင် သမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် တွေ့ဆုံခဲ့သည်။

“ယူအေအီး-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးဟာ မကြုံစဖူးအဆင့်ကို ရောက်နေပါပြီ” ဟု ပူတင်က သမ္မတအိမ်တော်တွင် ပြောကြားခဲ့ပြီး ယူအေအီးနိုင်ငံသည် အာရပ်ကမ္ဘာတွင် ရုရှား၏ အဓိကကုန်သွယ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် ယမန်နှစ်က စံချိန်တင်ကာ ဒေါ်လာ ၉ ဘီလီယံအထိရှိခဲ့ကြောင်းနှင့် လက်ရှိတွင်လည်း ယူအေအီးနိုင်ငံနှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စီမံကိန်းများစွာကို လုပ်ဆောင်နေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here