လက်နက်ကိုင် ပဋိပက္ခများ အမြန်ချုပ်ငြိမ်းစေရေး ပြည်သူတစ်ရပ်လုံးနှင့် တိုင်းရင်းသားများ ဝိုင်းဝန်းကူညီကြရန် နစက ပြောခွင့်ရသူ တိုက်တွန်း

0
164

နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ချုပ်ငြိမ်းရန် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များအပြင် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု ပါဝင်ရန် အရေးကြီးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဒီဇင်ဘာ (၇) ရက် ညပိုင်းတွင် ထုတ်ပြန်သည့် နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင် လက်နက်ကိုင် ပဋိပက္ခများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခ အမြန်ချုပ်ငြိမ်းဖို့ဆိုတာဟာ တပ်မတော် ၊ လုံခြုံရေးတပ်ဖွဲ့များအပြင် ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါဝင်မှု အရေးကြီးပါတယ် ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှသာလျင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ခု ဖြစ်လာမည်ဟုလည်း ၎င်းကဆိုသည်။

ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ပြည်သူလူထု တစ်ရပ်လုံးနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် တပ်မတော်အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို အမြဲတမ်းတွေးတောနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် တပ်မတော်အနေဖြင့် တို့တာဝန်အရေးသုံးပါးကို အမြဲတမ်း ကာကွယ်စောင့်ရှောက်လျက်ရှိပြီး ယင်းသို့ ကာကွယ်စောင့်ရှောက်ရာတွင်လည်း ပါးစပ်ချည်းသက်သက်မဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြနေခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here