ပို့ကုန်ရငွေများဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများနှင့် တာဝန်ရှိသူများ ယနေ့တွေ့ဆုံခဲ့

0
198

ပို့ကုန်ရငွေများ ဝင်ရောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာလ (၇) ရက်၌ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် ၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမိုးမြင့်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ ပို့ကုန်ရငွေများဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းခြင်းဖြင့် ပြည်တွင်း၌ မဖြစ်မနေလိုအပ်နေသော သွင်းကုန်များ တင်သွင်းနိုင်မည်ဖြစ်ပြီး ပို့ကုန်၊ သွင်းကုန်ကဏ္ဍ၌ ကုန်သွယ်မှုလိုငွေ(Trade Deficit) မဖြစ်စေရန် ထိန်းညှိဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ စီးပွားရေးကျင့်ဝတ်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်ရန်၊ ပို့ကုန်ရငွေသည် စက်မှုကဏ္ဍ လုပ်ငန်းသုံး ကုန်ကြမ်း၊ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးများမရှိမဖြစ် ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း ‌အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းရှင်များ အတွက် အသိပညာပေးအစီအစဉ်များ ပြုလုပ်သွားရန်လိုအပ်ခြင်း၊ ယခုအစည်းအဝေးတွင် ရလာဒ်ကိုရှေးရှု၍ ဆောင်ရွက်ရန်လိုအပ်ခြင်းနှင့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် တက်ရောက်လာသည့် ကုမ္ပဏီများမှလည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်နိုင်မည့်နေ့များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here