DSA အမှတ်စဉ် (၆၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်မိန့်ခွန်းပြော

0
463

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၇၄၃၊ ဗိုလ်လောင်း သူရိန်ဦး၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၇၈၊ ဗိုလ်လောင်း ဟိန်းထက်အောင်၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၄၈၆၊ ဗိုလ်လောင်း ဇေလင်းမောင်၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၄၂၅၊ ဗိုလ်လောင်း ချမ်းငြိမ်းလွင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၃၈၊ ဗိုလ်လောင်း ဟန်ဘုန်းမြတ် တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူကာ စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့‌ကြောင်းသိရသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း (၅) ဦးကို တွေ့ဆုံကာ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here