ချင်းမိုင်မြို့ရှိ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း၌ အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများအား မိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့်ရရှိရေး တွေ့ဆုံဆွေးနွေး

0
114

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများအား ၎င်းတို့၏ မိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့်ရရှိရေး၊ လူသားချင်းစာနာ ထောက်ထားမှုရရှိရေး အပါအဝင် ကိစ္စရပ်များကို ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းက ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ဒီဇင်ဘာ (၇)ရက်က ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း (Women Correctional Institute) သို့ သွားရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သွားရောက် တွေ့ဆုံစဉ် ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများသင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့် ရရှိရေးအပါအဝင် ကောင်စစ်ရေးရာ ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာ ထောက်ထားမှု ရရှိရေး၊ လူမှုဖူလုံရေးနှင့် သက်သာ ချောင်ချိရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကောင်စစ်ဝန်ချုပ်က အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ (၄၀)ဦးနှင့် ခရစ်ယာန်ဘာသာဝင် ထိုင်းအကျဉ်းသူ(၃၀)ဦးတို့အားတွေ့ဆုံကာ စိတ်ပိုင်းဆိုင်ရာအားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းမှ ပရဟိတအသင်းတို့ ပူးပေါင်း၍ ထောက်ပံ့လှူဒါန်းသော တစ်ကိုယ်ရည် အသုံးဆောင်ပစ္စည်းများနှင့် အသင့်စားအစားအစာများကို ထောက်ပံ့ပေးခြင်း၊ နေ့လယ်စာထမင်းဘူးများ လှူဒါန်းခြင်း၊ အကျဉ်းကျခံနေစဉ် မီးဖွားခဲ့သည့် မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း၍ ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသူများ ပြုလုပ်ရောင်းချသော လက်မှုပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here