ဂျပန်မြောက်ပိုင်း ကမ်းခြေတစ်ခုမှာ တန် ထောင်ချီသော ငါး‌ေ-သများ သောင်တင်

0
197

ဂျပန်နိုင်ငံ မြောက်ပိုင်း ကမ်းခြေတစ်ခုမှာ အကြောင်းအရင်း တိတိကျကျမသိရသော ငါးသေတ္တာငါး‌ေ-သတွေ တန်ပေါင်းထောင်ချီကာ သောင်တင်မှုဖြစ်ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ (၈) ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဂျပန်ရဲ့ မြောက်ဖက်အကျဆုံး ကျွန်းကြီးဖြစ်တဲ့ ဟော့ကိုင်းဒိုးကျွန်းပေါ်က ဟာကိုဒိတ်မြို့ ကမ်းခြေမှာ ကြာသပတေးနေ့ မနက်ပိုင်းက ငါးသေတ္တာငါးတွေနဲ့ ငါးကွန်းရှပ်အချို့ ‌ေ-သဆုံး သောင်တင်ခဲ့တာဖြစ်ပြီး ကမ်းခြေ တစ်ကီလိုမီတာခန့်လောက်ဟာ ငွေရောင်ဖုံးလွှမ်းသွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှမတွေ့ဖူးခဲ့ဘူးလို့ ဒေသခံတွေက ပြောဆိုခဲ့ပြီး အချို့က ရောင်းချဖို့ ဒါမှမဟုတ် ချက်ပြုတ်စားသောက်ဖို့အတွက် ငါး‌ေသတွေကို ကောက်ယူခဲ့ကြပါတယ်။ မြို့အာဏာပိုင်တွေကတော့ ငါးတွေကို စားသုံးခြင်း မပြုကြဖို့ ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သတိပေး ပြောဆိုခဲ့ပါတယ်။

ဟာကိုဒိတ် ငါးလုပ်ငန်း သုတေသနဋ္ဌာနမှာ သုတေသီတစ်ဦးဖြစ်တဲ့ တာကာရှီ ဖူဂျီအိုကာက သူ့အနေနဲ့ ယခုဖြစ်ရပ်မတိုင်ခင်က အလားတူဖြစ်စဉ်မျိုး ကြားဖူးခဲ့ပေမယ့် မျက်မြင်တွေ့ဖူးတာတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီငါးတွေဟာ ငါးကြီးတွေလိုက်တာ ခံခဲ့ရဖွယ်ရှိပြီး အုပ်စုလိုက် စုပြုံကူးခတ်စဉ် အောက်ဆီဂျင်ပြတ်အားကုန်ကာ ရေလှိုင်းတွေနောက်ပါလာပြီး သောင်တင်ခဲ့တာဖြစ်နိုင်တယ်လို့ သူက ပြောဆိုပါတယ်။ ဒါ့အပြင် ငါးတွေ တစ်နေရာမှ တစ်နေရာရွှေ့ပြောင်းစဉ် အေးခဲရေပြင်ထဲ ရုတ်တရက် ဝင်ရောက်မိခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ ဒီငါး‌ေ-သတွေကြောင့် ရေပြင်မှာ အောက်ဆီဂျင်လယ်ဗယ် ပိုနိမ့်သွားနိုင်သလို အဏ္ဏဝါသဘာဝန်းကျင်အပေါ် သက်ရောက်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီငါးတွေ ဘာကြောင့် ‌ေ-သဆုံး သောင်တင်ခဲ့ရသလဲဆိုတဲ့ အခြေအနေအကြောင်းရင်းကို သေချာပေါက် မသိရတာကြောင့် မိမိအနေနဲ့ ဒါတွေကို စားသုံးဖို့တော့ မထောက်ခံပါဘူးလို့ ဖူဂျီအိုကာက ပြောဆိုသွားခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here