ဆောင်းရာသီအမီ ကုတ်အင်္ကျီနှင့် ဂျာကင်များ အော်ဒါအပ်နှံလိုကြောင်း ပြည်ပနိုင်ငံများမှ ဆက်သွယ်ထား

0
182

ယခုနှစ် ဆောင်းရာသီအမီ ကုတ်အင်္ကျီနှင့် ဂျာကင်များအော်ဒါအပ်နှံလိုကြောင်း ပြည်ပနိုင်ငံများ၏ ဆက်သွယ်မေးမြန်းမှုများ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက “မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃” တွင် ပြောကြားခဲ့သည်။

“မကြာသေးခင်ကလည်း ဒီနှစ်ဆောင်းတွင်းအမီ ကုတ်အင်္ကျီမျိုး၊ ဂျာကင်မျိုးတွေကို အော်ဒါအပ်နှံလိုကြောင်း ဆက်သွယ်မေးမြန်းလာတဲ့ အပေါ်မှာလည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ကနေတဆင့် အထည်ချုပ်လုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက်ပေးတာတွေ ရှိပါတယ်”ဟု ဆိုသည်။

ဂျာကင်အော်ဒါအသစ်များ ချုပ်လုပ်ရာတွင် လိုအပ်သည့် စက်ပစ္စည်းအသစ်များ တင်သွင်းရန် လိုအပ်မှုရှိလာပါက အချိန်နှင့်တပြေးညီ ပြည့်ပြည့်စုံစုံတင်ပြနိုင်ပါက စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ချုပ်ပြီး မြန်မာ့အထည်များကို နိုင်ငံပေါင်း (၈၀) ကျော်သို့ တင်ပို့ရောင်းချလျက်ရှိပြီး အမေရိကန်၊ ဂျာမနီ၊အပါအဝင် အနောက်နိုင်ငံများသို့ အဓိက တင်ပို့ထားကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ (၅.၃) ဘီလီယံပမာဏခန့် တင်ပို့နိုင်ခဲ့ကြောင်း စီးပွား/ကူးသန်း၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here