ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက် အလေးထားကာဆောင်ရွက်ပေးနေကြောင်း စီမံ/ဘဏ္ဍာဝန်ကြီးပြော

0
212

နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အလေးထားစဉ်းစားဆောင်ရွက်ပေးလျှက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၉) ရက်တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“လုပ်ငန်းရှင်များဘက်ကလည်း ပို့ကုန်မှ ရရှိတဲ့ နိုင်ငံခြားငွေများကို အချိန်နဲ့တပြေးညီ နိုင်ငံတော်အတွင်းသို့ ပြန်လည်စီးဝင်ရေးကို အလေးထား ဆောင်ရွက်ပေးကြဖို့ ရှင်းလင်းပြောကြားလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ပေးနေပြီး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးရေရှည်တည်တံ ခိုင်မာစေရေးကို ရှေးရှုပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

“ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ ပို့ကုန်ဈေးကွက် ရရှိရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များကိုလည်း အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ဦးဝင်းရှိန်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်ကလည်း မိမိတို့၏ အကျိုးစီးပွားတစ်ခုတည်းသာမက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် စီးပွားရေးကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်နှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက မေတ္တာရပ်ခံ ပန်ကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here