စားအုန်းဆီ သတ်မှတ်နေရာ ရောက်/မရောက်၊ အမှန်တကယ် ရောင်း/မရောင်း ကြပ်မတ်ရန် စီမံ/ဘဏ္ဍာဝန်ကြီး တိုက်တွန်း

0
192

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သက်ဆိုင်ရာ‌တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဒေသအရောက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန် ဆောင်ရွက်လျက်ရှိသဖြင့် ဈေးကွက်ထဲသို့ အမှန်တကယ် ဖြန့်ဖြူးရောင်းချပေးရန် တိုင်းဒေသကြီး/ ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့များက စနစ်တကျ ကြပ်မတ်သွားရန်လိုအပ်ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီးက ပြောကြားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများအခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်ပါက အကြောင်းရင်းကို သေချာစိစစ်ဖော်ထုတ်၍ ဖြေရှင်းပေးနိုင်ရေး၊ ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး ဈေးကစားခြင်းမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ကြရန်လည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဆန်စပါးဥပဒေ ပြဋ္ဌာန်းနိုင်ရေးနှင့် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန် ဆန်စပါးဝယ်ယူရာတွင် သင့်တင့်မျှတသောဈေးနှုန်းများဖြစ်စေရန် ရည်ညွှန်းဈေးများဖြင့် ဝယ်ယူရေးတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို Digital နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် Myanmar Rice Online (MyRO) စနစ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဆန်တန် ၅၀ အထက်သိုလှောင်မှု အခြေအနေတို့ကို (MyRO) တွင် မှတ်ပုံတင်ခြင်းဖြင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်တင့်မျှတတည်ငြိမ်သောဆန်ဈေးကွက်နှင့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟုလည်း ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here