ဗဟိုဘဏ်၏ နိုင်ငံခြားငွေဆိုင်ရာ သတ်မှတ်ချက် ပြောင်းလဲမှုကို အခွင့်ကောင်းယူ၍ ဈေးတင်ရောင်းချခြင်းမပြုရန် ဆန်စပါးအသင်းချုပ် သတိပေး

0
183

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ(ဒေါ်လာ)နှင့် ပတ်သက်သည့် ကန့်သတ်ချက်အချို့ကို ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါ ပြောင်းလဲမှုများကို အခွင့်ကောင်းယူကာ ဆန်ဈေးနှုန်းများ လိုအပ်သည်ထက်ပို၍ တိုးမြှင့်ရောင်းချခြင်း မပြုလုပ်ရန်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်းအတိုင်း ရောင်းချကြရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန် ကြေညာထားသည်။

လက်ရှိတွင် မိုးစပါးထွက်ပေါ်နေချိန်ဖြစ်ပြီး ပြည်တွင်းဆန်ဖူလုံမှုသည် လုံလောက်သည်ထက် ပိုလျှံမှုရှိသည့်အတွက် စားသုံးသူ ပြည်သူများအနေဖြင့် ပုံမှန်အတိုင်း လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူရန်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အကြံပြုတိုက်တွန်းထားသည်။

ပို့ကုန်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ဝင်ငွေကို အနစ်နာခံ၍ အလွန်သက်သာသော နှုန်းထားဖြင့် ရောင်းချပေးနေသည့်အပေါ် ပြန်လည်စဉ်းစားသုံးသပ်ပြီး ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ နိုင်ငံတော်အစိုးရအနေဖြင့် ပို့ကုန်ဝင်ငွေဆိုင်ရာ သတ်မှတ်ချက်များကို ဖြေလျော့ ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၎င်း ၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို ဖြေလျော့သတ်မှတ်ပေးခြင်းသည် ပို့ကုန်လုပ်ငန်းများအတွက်သာမက နိုင်ငံတော်၏ ကုန်သွယ်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ဆောင်မှုဖြစ်ကြောင်း၊ ထို့ပြင် ဆန်စပါးသိုလှောင်မှု စနစ်တကျဖြစ်စေရေးအတွက် ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသည့်အပေါ် စုံစမ်းဖော်ထုတ်ထိန်းကျောင်းရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် လတ်တလော ကြုံတွေ့နေရသည့် ဒီဇယ်ဆီများဝယ်ယူရေးဆိုင်ရာ အခက်အခဲများသည် ရက်ပိုင်းအတွင်း ပြေလည်နိုင်သည့် အခြေအနေရှိပြီး နွေစပါးရာသီအတွက် ဒီဇယ်ဆီနှင့်ဓာတ်မြေဩဇာများကို သက်သာသည့် ဈေးနှုန်းများဖြင့် လုံလောက်စွာရရှိရန်ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်းလည်း အသိပေးထားသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအား နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း ဒီဇင်ဘာလ ၅ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပို့ကုန် လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေထဲမှ ၃၅ ရာ ခိုင်နှုန်းကိုသာ ဗဟိုဘဏ် ရည်ညွှန်းဈေးဖြစ်သည့် ၂၁၀၀ ကျပ်ဖြင့် ဗဟိုဘဏ်၌ ပြန်လည်ရောင်းချရမည်ဖြစ်ပြီး ကျန်ငွေများကို မိမိစိတ်‌ကြိုက် ပြင်ပဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်ရန် ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here