လူနာပါသည့် ပရဟိတအသင်းယာဉ်များ New Day စက်သုံးဆီ အရောင်းဆိုင်တွင် တန်းစီစရာ မလိုဘဲ ကြားဖြတ်ရောင်းချပေးမည်

0
286

လူနာပါလာသည့် ပရဟိတလူမှုကူညီရေး အသင်းယာဉ်များအား တန်းစီစရာ မလိုဘဲ စက်သုံးဆီများ ကြားဖြတ်ရောင်းချပေးမည်ဖြစ်ကြောင်း New Day စက်သုံးဆီ အရောင်းဆိုင်က ဒီဇင်ဘာ (၈) ရက်က ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယာဉ်ပေါ်တွင် လူနာပါလာပြီး စက်သုံးဆီအရေးတကြီးလိုအပ်နေသည့် လူနာတင်ယာဉ်များအတွက် မြန်မာတစ်နိုင်ငံလုံးရှိ New Day စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီစောင့်ဆိုင်းရန်မလိုဘဲ အမြန်ဆုံးဝယ်ယူနိုင်စေရေး ကြားဖြတ်ရောင်းချပေးမည်ဟု New Day စက်သုံးဆီအရောင်းဆိုင်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် လတ်တလော စက်သုံးဆီများ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရသောကြောင့် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းများ အခက်အခဲများဖြင့် ကြုံတွေ့နေခဲ့ရကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက်မှ စတင်၍ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး အလွယ်တကူ ဝယ်ယူ မရရှိခြင်းကြောင့် ပရဟိတအသင်းများအနေဖြင့် လူနာတင်ပို့စောင့်ရှောက်ရာတွင် အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၉) ရက်တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၄၅ ကျပ် ကျဆင်းလာသော်လည်း ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် အများစုတွင် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်း ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရာင်းဆိုင်များရှိ သိုလှောင်ကန်ထဲတွင် စက်သုံးဆီ ရှိလျက်နှင့် ဖြန့်ဖြူးရောင်းချပေးခြင်း မရှိသော အရောင်းဆိုင်များကိုလည်း စစ်ဆေးမှုများပြုလုပ်ကာ ဥပဒေအနှင့်အညီ အရေး ယူသွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here