ထိုင်းနိုင်ငံတွင်ပြုလုပ်ကျင်းပမည့် ကယန်းနှစ်သစ်ကူးပွဲတော်အား မည်သည့်တိုင်းရင်းသားလူမျိုးမဆို ပါဝင်ပေးကြရန် ကယန်းလက်
ဝှေ့မယ် ဘရော်နီကာ က တိုက်တွန်းထားသည်။
ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပြုလုပ်မည့် ကယန်းရိုးရာနှစ်သစ်ကူပွဲတော်၌ ပါဝင်ပေးကြရန် ဘရော်နီကာ က သူ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် တိုက်တွန်းပြောကြားခြင်းဖြစ်သည်။
” ကယန်းတိုင်းရင်းသားညီအကိုများ လာရောက်အားဖြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ အခြားတိုင်းရင်းသားညီအကိုများပါဝင်ချင်တယ်ဆိုရင်လည်း လာရောက်နိုင်ပါတယ်။ အဲ့ဒီ့နေ့ကျရင် ကယန်းရံပုံငွေဈေးရောင်းပွဲတော်လည်းလုပ်ပါမယ်။”ဟု ဆိုသည်။
အဆိုပါ ကယန်းနှစ်သစ်ကူးပွဲတော်တွင် ဘောလုံးပြိုင်ပွဲထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကယန်းရိုးရာဆန်ပြုတ်ဖြင့် လည်း ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲတွင် ကယန်းလူငယ် ဘောလုံးအသင်း စုစုပေါင်း (၂၀) သင်း က ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ပြီးခဲ့သော ၂၀၂၂ခုနှစ် ကယန်းနှစ်သစ်ကူးပွဲကို ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းက ကယန်းအများစုနေထိုင်ရာ ကျေးရွာများတွင် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ကျင်းပခဲ့ကြပြီး စစ်ရှောင်စခန်းများနှင့် ထိုင်းနယ်စစ်ဒုက္ခသည် စခန်းများတွင်ပါ ကျင်းပခဲ့ကြသည်။
ကယန်းလူမျိုးများသည် ကမ်းယံလူမျိုးမှတဆင့် ဆင်းသက်လာပြီး ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ဘာသာစကားနှင့် ရှင်သန်နေထိုင်လာသော လူမျိုးတမျိုးဖြစ်ကာ မြန်မာနိုင်ငံသို့ ဘီစီ (၇၃၉)တွင် ဝင်ရောက်လာခဲ့ကြပြီး၊ ယင်းနှစ်ကိုအစွဲပြု၍ ကယန်းနှစ်သစ်ကူးနေ့ သတ်မှတ်ကာ ကျင်းပပြုလုပ်ကြခြင်းဖြစ်ဟု သိရသည်။