ဒီဇင်ဘာလ မကုန်မီ ပြည်ပမှ စက်သုံးဆီ သင်္ဘော (၂၇) စီး ထပ်မံတင်သွင်းရန် ဆီတင်သွင်းသူများနှင့် ညှိနှိုင်းထား

0
235

လက်ရှိတွင် ရန်ကုန်မြစ်ဝ၌ ဆီချခြင်း လုပ်ငန်းလုပ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ဆီတင်သင်္ဘော (၉) စီး ရှိနေပြီး ဒီဇင်ဘာလမကုန်မီ ပြည်ပမှ သင်္ဘော (၂၇) စီးထပ်မံတင်သွင်းရန် Suppliers များနှင့် ညှိနှိုင်းထားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

ပြည်တွင်း၌ စက်သုံးဆီ လက်ကျန် ပြတ်လပ်နေပြီဖြစ်ပြီး ဝယ်ယူရန် ခက်ခဲမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ၎င်းက ရှင်းလင်းချက်ထုတ်ပြန်စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သီလဝါ ဆိပ်ကမ်းတွင် ပြည်ပမှ ဝယ်ယူတင်သွင်းထားသည့် စက်သုံးဆီတင် သင်္ဘော(၆) စီးမှ ဆီချခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး စင်ကာပူနိုင်ငံမှ ဝယ်ယူတင်သွင်းထားသည့် စက်သုံးဆီများ တင်ဆောင်ကာ မြန်မာနိုင်ငံသို့ လာရောက်နေသည့် သင်္ဘော (၁) စီး ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် သီလဝါဆိပ်ကမ်းရှိ ဆီသိုလှောင်စခန်း (၈) ခုမှ ဆီသယ်ယာဉ် (ဘောက်ဆာ) အစီးရေ (၁၅၀၀)မှ (၁၈၀၀) ကြား ဝင်ထွက်ကာ ဆီဖြန့်ဖြူးခြင်းလုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ဆီသယ်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်တွင်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့ရှိ ဆီဆိုင်အချို့မှာ ခေတ္တဆိုင်ပိတ်ထားရသည့်အခြေအနေများ ရှိသော်လည်း အချိန်မီဖြည့်တင်းပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်း ရေးမှူးက ပြောသည်။

ဒီဇင်ဘာ (၁) ရက်မှ (၈) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 92 ဂါလန် ၆ သန်း ၇ သိန်းနီးပါး၊ 95 ဂါလန် ၁ သန်း ၇ သိန်း ၊ ရိုးရိုးဒီဇယ် ၆ သန်းကျော်နှင့် ပရီမီယံဒီဇယ် ၇ သ န်း ၁ သိန်းကျော်ကို ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တစ်ရက်ပျမ်းမျှအနေဖြင့် 92 ဂါလန် ၈သိန်း ၃သောင်းကျော် ၊ 95 ဂါလန် ၂ သိန်း ၁ သောင်းကျော် ၊ ရိုးရိုးဒီဇယ် ၇ သိန်း၅ သောင်းကျော်နှင့် ပရီမီယံ ဒီဇယ် ဂါလန် ၈ သိန်း၉ သောင်းကျော် ဖြန့်ဖြူးပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here