ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

0
243

ကော်ဖီလုပ်ငန်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ (၉)ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအပါအဝင် အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကော်ဖီလုပ်ငန်းသည် ယင်းကဲ့သို့ အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ၎င်းအနေဖြင့် ပြင်ဦးလွင်ဒေသမှ ကော်ဖီလုပ်ငန်းရှင်များကို မကြာခဏတွေ့ဆုံကာ အားပေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အတွက်ကော်ဖီလုပ်ငန်းသည် အထိုက်အလျောက် တိုးတက်မှုများဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့အပြင် ယခုအချိန်မှစ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို စနစ်တကျ ဆောင်ရွက်သွားမည်ဆိုပါက နောင်လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း ကော်ဖီထုတ်လုပ်မှုများပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကော်ဖီ ထုတ်ကုန်များ ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်ပြီး ထုပ်ပိုးမှုကောင်းမွန်မှသာလျင် ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်ချက်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ကော်ဖီလုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။

ထို့အပြင် ယနေ့တွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသရှိကော်ဖီလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသူများအနေဖြင့် လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြကြစေလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ဖိတ်ခေါ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here