CNG တက္ကစီ ယာဉ်များအား ဆီမရောင်းရန် စက်သုံးဆီ အရောင်းဆိုင်များကို ညွှန်ကြားထား

0
207

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်အများစုရှိ ဆီအရောင်းဆိုင်များ၌ ဆီဝယ်ယူရ ခက်ခဲမှုများ ရှိနေရာ CNG တက္ကစီယာဉ်များသည် အခြားနည်းလမ်းဖြင့် အသုံးပြုရန် ရည်ရွယ်၍ တန်းစီဝယ်ယူမှုများရှိနေကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေ‌ကော်မတီအတွင်းရေးမှူး ဦးသန်းဇော်၏ ပြောကြားသည်။

ထိုသို့ အခြားနည်း အသုံးပြုရန် ရည်ရွယ်ချက်ဖြင့်တန်းစီဝယ်ယူနေသည့် CNG အသုံးပြုသည့် တက္ကစီယာဉ်များကို စက်သုံးဆီ ရောင်းချပေးမည်မဟုတ်ကြောင်း ဒီဇင်ဘာ (၉) ရက်တွင် တရားဝင် ထုတ်ပြောလာခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ဆီဆိုင်အများစုတွင် သုံးစွဲသူတချို့သည်လည်း ဆိုင်များတွင် အခေါက်ခေါက်တန်းစီ၍ ဝယ်ယူကာ တဆင့်ပြန်လည် ရောင်းချမှုများရှိနေကြောင်း ၎င်းကဆိုသည်။

ဒီဇင်ဘာ (၁) ရက်မှ (၈) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် 92 ဂါလန် ၆ သန်း ၇ သိန်းနီးပါး၊ 95 ဂါလန် ၁ သန်း ၇ သိန်း ၊ ရိုးရိုးဒီဇယ် ၆ သန်းကျော်နှင့် ပရီမီယံဒီဇယ် ၇ သ န်း ၁ သိန်းကျော်ကို ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တစ်ရက်လျှင်ပျမ်းမျှအနေဖြင့် 92 ဂါလန် ၈သိန်း ၃သောင်းကျော် ၊ 95 ဂါလန် ၂ သိန်း ၁ သောင်းကျော် ၊ ရိုးရိုးဒီဇယ် ၇ သိန်း၅ သောင်းကျော်နှင့် ပရီမီယံ ဒီဇယ် ဂါလန် ၈ သိန်း၉ သောင်းကျော် ဖြန့်ဖြူးပေးထားကြောင်းလည်း သိရသည်။

“အခုဆိုရင် CNG ကားတွေက ဆီကားနီးနီးလောက်ကိုဈေးတွေတောင်းတယ်။ ဆီကားတွေက အခက်အခဲဖြစ်လို့ ပေးစီးရတာဘာမှမဖြစ်ပေမယ့် CNG ကားတွေကပါ ချော်လဲရောထိုင်‌လုပ်နေကြတာ။ CNG တံဆိပ်တောင်ခွာထားတဲ့ ကားတွေကရှိသေးတယ်”ဟု ခရီးသည်တစ်ဦးကပြောသည်။

လက်ရှိအခြေအနေတွင် အများပြည်သူများအနေဖြင့် ကောလာဟလသတင်းများကြောင့် စက်သုံးဆီပြတ်လပ်နိုင်သည်ဟုလည်းကောင်း၊ ကမ္ဘာ့ရေနံဈေးနှုန်းနှင့် စင်္ကာပူ MOPS ဈေးနှုန်း အခြေအနေတို့အရ ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပြောင်းလဲမည်ဟုလည်းကောင်း၊ စိုးရိမ်ပူပန်မှုများဖြင့် ပုံမှန်ပြည်တွင်းသုံးစွဲမှုပမာဏထက် ပိုမိုများပြားစွာဝယ်ယူနေကြသဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ ဖြည့်တင်းပေးနိုင်မှုမှာစွမ်းအားနှင့်အညီ ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စဉ်ဆက်မပြတ် ဝယ်ယူနိုင်ကြောင်းနှင့် မိမိတို့လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here