FIFA – MFF U 15 League ဗိုလ်လုပွဲ ရှမ်းတောင်အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားမည်

0
207

FIFA – MFF U 15 League ဗိုလ်လုပွဲကို မနက်ဖြန် ဒီဇင်ဘာ (၁၁)ရက်နေ့၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပထမနေရာအတွက် ရှမ်းတောင်အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ရှမ်းတောင်အသင်းသည် အထက် မြန်မာပြည် (မန္တလေးဇုန်) ချန်ပီယံအသင်းတစ်သင်းဖြစ်ပြီး၊ ရခိုင်ယူနိုက်တက်အသင်းသည် အောက်မြန်မာပြည် (ရန်ကုန်ဇုန်) ချန်ပီယံ အသင်း တစ်သင်းအဖြင့် ရပ်တည်နေကြသော အသင်းများဖြစ်သည်။

အလားတူ ယင်းနေ့တွင် တတိယနေရာလုပွဲတွင် အထက် မြန်မာပြည် (မန္တလေးဇုန်) ဒုတိယရ ချင်းတွင်းစတား အသင်းနှင့် အောက် မြန်မာပြည် ( ရန်ကုန်ဇုန်) ဒုတိယရ ရာမည အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

” ဗိုလ်လုပွဲအတွက် ပြင်ဆင်ချိန် ရက် ၂၀ လောက်ရရှိထားပါတယ်။ စိတ်လှုပ်ရှားပေမယ့် အကောင်းဆုံး ကစားနိုင်ဖို့ ပြင်ဆင်သွားမှာပါ။ ရာသီဥတုက အနည်းငယ် ကွာခြားပေမယ့် ရာနူန်းပြည့် ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရခိုင်အသင်းက အောက်မြန်မာပြည် ချန်ပီယံဖြစ်သလို တိုက်စစ်အားလည်း အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အထက်မြန်မာပြည် ချန်ပီယံဖြစ်ပြီး ခံစစ် အကောင်းဆုံးအသင်းဖြစ်တာကြောင့် ဗိုလ်လုပွဲမှာ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။”ဟု ရှမ်းတောင်အသင်း နည်းပြချုပ် ဦးခင်ထွန်းဦး က ဆိုသည်။

ထို့အပြင် ယနေ့ ပွဲ့ကြိုသတင်းစာရှင်းလင်းပွဲတွင် ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးဘိုဘိုမြင့်ကလည်း” ဗိုလ်လုပွဲကစားရမယ့်နှစ်သင်းစလုံးက သက်ဆိုင်ရာဇုန်တွေမှာ အဆင့် ၁ နေရာ ရထားတာမို့ အသင်းကောင်းတွေ ဖြစ်ကြပါတယ်။ ပြိုင်ဘက်အသင်းရဲ့ အားနည်းချက်၊ အားသာချက် တွေကို လေ့လာပြင်ဆင်ထားပြီး လေးလေးစားစားယှဉ်ပြိုင် အနိုင်ရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”ပြောသည်။

ဗိုလ်လုပွဲ နှင့်ပတ်သက်၍ ပွဲကြိုသတင်း စာရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာ (၁၀) ရက်၌ သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာအသင်းများမှ နည်းပြများ၊ ကစားသမားများ တက်ရောက်ဖြေကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here