နိုဝင်ဘာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ၂​သောင်းနီးပါးဝင်ရောက်

0
260

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ နိုဝင်ဘာလအတွင်းက ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၁၉၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းမှ ၁၈၇၇၇ ဦးနှင့် ပြည်ပမှ ၄၃၇ ဦး စုစုပေါင်း ၁၉၂၁၄ ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ၂၄၁၃ ဦး ပိုမိုဝင်ရောက်ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အနောက်ဘက် ၄၈ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ရန်ကုန်မြို့မှ ကားလမ်းခရီး ၅ နာရီခန့် စီးနင်းကာ သွားရောက်နိုင်သည့် ကမ်းခြေတစ်ခုဖြစ်သည်။

၁၅ ကီလိုမီတာ ကျယ်ဝန်းပြီး ကြည်လင်သန့်ရှင်းသော အပြာရောင်ရေပြင်ရှိကာ မြန်မာနိုင်ငံရှိ အကောင်းဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ကမ်းခြေနှင့် မနီးမဝေးတွင် ငှက်ကျွန်း၊ လိပ်ကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်းတို့ရှိပြီး ငှက်ကျွန်းတွင် ဇီဝစိုး ငှက်များ နေထိုင်ကျက်စားကြောင်းနှင့် ကြည်လင်စိမ်းမြသော ရေတွင် ရေကူးနိုင်ခြင်း၊ ရေငုပ်ဝတ်စုံဖြင့် ရေငုပ်နိုင်ခြင်းနှင့် ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းများလည်း ပြုလုပ်နိုင်သည်။

စနေ၊ တနင်္ဂနွေနှင့် နေ့ကြီးရက်ကြီး ရုံးပိတ်ရက်များတွင် နေ့ချင်းပြန် လာရောက်အပန်းဖြေကြသူများလည်း ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here