ထိုင်းကျောင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်​​သော ကျောင်းဆရာတွေ ထောင်တစ်သက် ချမှတ်ခံရ

0
365

ထိုင်းနိုင်ငံ Mukdahan မြို့မှာ ကျောင်းသူ သုံးဦးအပေါ် နှစ်ကာလကြာရှည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ကျောင်းဆရာ (၆) ဦးအနက်က (၄) ဦးနဲ့ ကျောင်းသား (၂) ဦးတို့ကို ထောင်ဒဏ် တစ်သက်ချမှတ်လိုက်တယ်လို့ ကလေးသူငယ်၊ လူငယ်နဲ့ မိသားစုရေးရာဖောင်ဒေးရှင်း အကြံပေးပုဂ္ဂိုလ် သီချာနန်နာခွန်က ပြောကြားခဲ့ပါတယ်။
        
ဖောင်ဒေးရှင်းနဲ့ ဒေသတွင်းက အခြားတွဲဖက်အဖွဲ့အစည်းတွေဟာ ကျောင်းဆရာနဲ့ ကျောင်းသား စုစုပေါင်း (၈) ဦးအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရေးအတွက် ၂၀ ၂၀ ခုနှစ်ကစလို့ ကျူးလွန်ခံရသူတွေဘက်ကနေ ကူညီဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ် ဇူလိုင် (၁) ရက်မှာ ခရိုင်တရားရုံးက အမှုကို ကြားနာစစ်ဆေးဖို့ လက်ခံသဘောတူခဲ့တာဖြစ်တယ်လို့ သူမက စနေနေ့ (ဒီဇင်ဘာ ၉) မှာ ဖေ့စ်ဘုတ်ပေါ် ပို့စ်တင် အသိပေးခဲ့ပါတယ်။
        
သောကြာနေ့မှာ Mukdahan ခရိုင်တရားရုံးက အမှုကို စီရင်ချက်ချခဲ့တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေစတင်ကြုံတွေ့ခဲ့ချိန်က အမှုသည် ကျောင်းသူတွေဟာ အသက် (၁၅) နှစ် မပြည့်သေးသူတွေ ဖြစ်တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။
       
ကျောင်းဆရာ (၆) ဦးအနက် (၂) ဦးကတော့ အမှုအတွက် အထောက်အထား မခိုင်လုံတာကြောင့် သံသယအကျိုး ခံစားခွင့်ရခဲ့တယ်လို့ သိရပါတယ်။
       
ပြစ်ဒဏ်ချမှတ်ခံရသူ (၆) ဦအနေနဲ့ အမှုသည်တွေအပေါ် နစ်နာကြေး ဘတ် (၃) သန်းနဲ့ တစ်နှစ်လျှင် အတိုးနှုန်း ၇.၅ ရာခိုင်နှုန်း ထပ်တိုးပူးပေါင်းပေးဆောင်စေဖို့လည်း တရားရုံးက အမိန့်ချခဲ့တယ်လို့ မစ္စသီချာက ပြောဆိုပါတယ်။
        
နောင်မှာ ယခုလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးတွေ ထပ်မဖြစ်စေဖို့အတွက် ပညာရေးဝန်ကြီးနဲ့ တွေ့ဆုံစကားပြောသွားနိုင်ရေးသူ စီစဉ်နေတယ်လို့လည်း မစ္စသီချာက ပြောဆိုခဲ့ပါတယ်။
        
ယခုအမှုဟာ ပြစ်ဒဏ်ကျခံလိုက်ရတဲ့ ကျောင်းဆရာတစ်ဦးရဲ့ နေအိမ်မှာ ၂၀၁၉ ခုနှစ် မေလ (၁၆) ရက်ကနေ ၂၀၂၀ ခုနှစ် မတ်လ (၄) ရက်အတွင်း ကျောင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။

ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here