မင်းပြားမြို့နှင့် မြို့မဈေးကြီးတို့တွင် ပြန်လည် စည်ကားစပြုလာပြီသော်လည်း စားသောက်ကုန်ဈေးနှုန်းနှင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့် ရင်ဆိုင်နေရ

0
236

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့တွင် ယခင်အချိန်များက ထိတွေ့မှုများကြောင့် လူအသွားအလာ နည်းပါးခဲ့သော်လည်း လက်ရှိ မင်းပြားမြို့နှင့် မြို့မဈေးကြီးတို့တွင် ပြန်လည် စည်ကားနေပြီဖြစ်ပြီး စားသောက်ကုန်ဈေးနှုန်းနှင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့် ရင်ဆိုင်နေရကြောင်း မင်းပြားမြို့ ဒေသခံများထံမှ သိရသည်။

“မင်းပြားက ခါတိုင်းထက်ပိုပြီး စည်ကားလာနေတယ်။ ဓါတ်ဆီ အောက်တိန်း ၁ လီတာ ၁၈၀၀၀ ဖြစ်သွားတယ်။ အရင် ၁၀ ရက်လောက်က ၃၀၀၀ ပဲရှိတယ်။ စားသောက်ကုန်တွေ အကုန် ဒီမှာ ဈေးများတယ်။ ပုံမှန်ထက် ၅၀၀ ထက် တိုးတောင်းတယ်။ ၂၅၀၀ ဆို ၃၀၀၀၊ ကပ်ထားတဲ့ ဈေးထက်ကို တိုးတောင်းတာပေါ့။”ဟု မင်းပြားမြို့ ဒေသခံ တစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ် ဒေသတချို့တွင် ထိတွေ့မှုများဖြစ်ပွားခဲ့သောကြောင့် မင်းပြားမြို့ ဒေသခံများမှာ ကြောက်လန့်၍ နယ်ဘက်သို့ တိမ်းရှောင်နေသူ တချို့မှာလည်း မင်းပြားမြို့ပေါ်သို့ အားလုံးနီးပါး ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

“မြို့အခြေနေကလည်း အကုန်နီးပါး ပြန်ရောက်ပြီ။ တချို့တစ်ဝက်ကတော့ ပြန်မရောက်သေးဘူး။ မရောက်သေးဘူးဆိုတာကလည်း နယ်မှာ အိမ်ရှိကြတယ်။ ဒီမှာနေလိုက် ရွာပြန်နေလိုက် နေကြတာပေါ့။ နည်းနည်း အခြေနေဆိုးတာနဲ့ ရွာမှာနေကြတယ်။ ခြေနေအေးရင် မြို့ပေါ်ပြန်လာကြတယ်။ အဲ့လိုပုံစံမျိုးပေါ့။ မြို့ပေါ်မှာနေတဲ့ သူတွေကျတော့ ပြန်ရောက်နေကြပြီ။ ဟိုရက်တွေတုန်းကဆို သေနတ်သံ ဘာသံ တော်တော်လေး ကြားရတယ်လေ။ အထူးသဖြင့် အမျိုးသမီးတွေ ကြောက်ကြတော့ နယ်ကို ပြေးကြတာပေါ့နော်။ မြို့ပေါ်မှာတော့ အေးဆေးပဲ။”ဟု ၎င်းက ဆိုသည်။

မင်းပြားမြို့တွင် တည်ငြိမ်နေပြီဖြစ်ပြီး မင်းပြားမြို့နှင့် ၄ မိုင် ခန့်ဝေးသည့် နယ်ဘက် တချို့တွင် ထိတွေ့မှု အနည်းငယ် ဆက်လက်ဖြစ်ပွားနေသေးကြောင်းနှင့် ပေါက်တောမြို့တွင် ထိတွေ့မှု အနည်းငယ်ရှိနေသေးကြောင်း ဒေသခံတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here