ယခုတစ်ပတ် စားအုန်းဆီရည်ညွှန်းဈေး ထပ်မံကျဆင်းလာ

0
151

အပတ်စဉ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီအခြေခံလက် ကားရည်ညွှန်းဈေးသည် ယခုတစ်ပါတ်တွင်လည်း ထပ်မံကျဆင်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်မှ ဒီဇင်ဘာလ (၁၇) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၈၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် တစ်ပါတ်က စားအုန်းဆီ ရည်ညွှန်းဈေးအနေဖြင့် တစ်ပိဿာ ကျပ် ၄၉၂၀ သတ်မှတ်ခဲ့ရာမှ ယခုတစ်ပတ်တွင် ၁၀၅ ကျပ် ကျဆင်းခဲ့ခြင်းဖြစ်သည်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက် ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here