တရုတ်၏ ကြားဝင်မှုဖြင့် မြောက်ပိုင်း (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ၊ အပစ်ရပ်ရေးအလားအလာ ကောင်းဟုဆို

0
6111

၁၀၂၇ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့သည့် MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်က မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းမှုကော်မတီမှ တာဝန်ရှိသူများနှင့် မြောက်ပိုင်း (၃) ဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒီတွေ့ဆုံမှုကို တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်ထဲမှာ ပြုလုပ်တာ ဖြစ်ပြီး အလားအလာကောင်းတဲ့ ရလာဒ်တွေ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက ထုတ်ဖော်ပြောဆိုထားသော်လည်း မြန်မာအစိုးရဖက်က နေရာအတိအကျ
ထည့်ပြောသွားခြင်း မရှိပေ။

ယခုတွေ့ဆုံမှု၏ ရလဒ်ပေါ်မူတည်၍ နောက်တစ်လအကြာတွင် ထပ်မံတွေ့ဆုံမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသွားသည်။

” ဒီဆွေးနွေးမှုပေါ်မှာ တိုးတက်မှုပေါ်မှာ မူတည်ပြီး ဒီလကုန်မှာ ထပ်မံ ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးသည် ရက်ပေါင်း ၄၀ ကျော် ကြာမြင့်လာပြီဖြစ်ပြီး တပ်မတော်၏ စစ်ရေးအရ အရေးပါသည့် စခန်း အမြောက်အ များကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားသည့်အပြင် လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်ဘက်သုံးယာဉ်ယန္တရားများကိုပါ သိမ်းပိုက်ထားခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း တရုတ် – မြန်မာ နယ်စပ်ကုန်သွ ယ်ရေးလမ်းကြောင်း အားလုံးနီးပါး ရပ်တန့်သွားပြီး နယ်စပ်ကုန်သွယ်ရေးကဏ္ဍတစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်နေသည့်အခြေအနေလည်း ဖြစ်သည်။

အဆိုပါအခြေအနေတွင် တရုတ်က ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း တရုတ်အထူးကိုယ်စားလှယ်၏ ကြားဝင် ညှိနှိုင်းမှုဖြင့် မြောက်ပိုင်းမဟာ မိတ် (၃) ဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မိုင်းလားမြို့တွေ့ တွေ့ဆုံခဲ့ကြသေးသည်။

ယင်းတွေ့ဆုံပွဲကို (၃) ရက်ကြာပြုလုပ်ဖို့ မူလကစီစဉ်ခဲ့ပေမယ့် ဆွေးနွေးမှုအဆင်မပြေဖြစ်ကာ တစ်ရက်နှင့်ပင် ဆွေးနွေးပွဲ ပျက်ခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည်။

ပုံစာ – ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁) ရက် ပြုလုပ်သည့် မြောက်ပိုင်းမဟာမိတ်(၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့၏ မိုင်းလားဆွေးနွေးပွဲ


LEAVE A REPLY

Please enter your comment!
Please enter your name here