ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များ၊ ကမ္ဘာ့အခင်းအကျင်း​ပြောင်းလဲမှုများကို သတိချပ်​နေရန် တပ်မတော်ကာကွယ်ဦးစီးချုပ် ပြောကြား

0
205

နိုင်ငံရေးအရ မိမိဩဇာခံအဖြစ်ထားရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာ သိရှိနားလည်ထားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယနေ့ ဒီဇင်ဘာ (၁၁) ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သည့် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လေ့လာကြည့်မည်ဆိုပါက အင်အားကြီး နိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ဝါဒ ဖြန့်ချိရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်ပြီးလုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ခေတ်မီ နည်းပညာများနှင့် စစ်မှုသိပ္ပံ နည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားကြီးနိုင်ငံအုပ်စုများက ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှုများဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာအဆင့်မှ AI ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာ အသုံးပြု ကွပ်ကဲထိန်းချုပ်မှု နည်းပညာအဆင့်အထိ တိုးတက်ပြောင်းလဲလာသည့်အတွက် ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မှုရေးရာတော်လှန်ပြောင်းလဲမှုနည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ(AI) အခန်းကဏ္ဍကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ကြောင်း သင်တန်းဆင်း ဗိုလ်လောင်းများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မှာကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည့်အတွက်  “စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်” ဆိုသည့် စွမ်းရည်သုံးရပ် ပြည့်စုံနေရန်လိုအပ်ပြီးနိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားကြရမည်ဟုလည်း မှာကြားခဲ့သည်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လျင်မြန်စွာဖြစ်ပေါ်နေသည့် ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုများကို အမြဲသတိချပ်နေပြီး အမီလိုက်နိုင်ရန် စစ်မှုသိပ္ပံနှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိနိုင်ငံအတွက် အကောင်းဆုံးအသုံးချသွားကြရန်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း ဗိုလ်လောင်းများအား မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here