မန္တလေးတိုင်းအတွင်း ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၁၀၀၀ ကျော် ထုတ်ချေးပေးထား

0
199

မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘက်ခွဲက ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း (၁၀၀၀) ကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း အဆိုပါဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ခန့်မှန်း ဧက ၄၀၀၀၀ အတွက် ငွေကျပ် သန်း ၄၂၀၀ ကျော် လျာထားပြီး တောင်သူများ၏ စိုက်ပျိုးသီးနှံများဖြစ်သော စပါးနှင့် အခြားသီးနှံများအတွက် မြို့နယ် (၁၃) မြို့နယ်ရှိ တောင်သူများ အောက်တိုဘာလ ဒုတိယပတ်မှစ၍ ထုတ်ချေးပေးနေရာ ယနေ့ထိ မြို့နယ် (၁၀) မြို့နယ်ရှိ စိုက်ဧက ၉၉၉၃ ဧက၊ တောင်သူ ၂၄၂၆ ဦးကို ချေးငွေ ကျပ် ၁၀၂၀.၂ သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ဘဏ်က တောင်သူတွေအကျိုးစီးပွားအတွက် ချေးပေးနေတာပါ။ အောက်တိုဘာလ ဒုတိယပတ်ကနေ စတင်ချေးပေးခဲ့တာပါ။ ချေးပေးတဲ့အခါ တောင်သူတွေရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို အာမခံရယူပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေကို အဓိကထုတ်ချေးတယ်။ နိုင်ငံတော်အစိုးရကနေ တောင်သူတွေ အဆင်ပြေအောင် ထုတ်ချေးပေးနေတာပါ။ အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးပေးနေတာဖြစ်ပါတယ်”ဟု ဦးစိုးကိုကိုဝင်းက ပြောပြသည်။

အဆိုပါ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာတွင် စပါးတစ်ဧကလျှင် ငွေကျပ် ၁၅ဝ,ဝဝဝ၊ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွှမ်း၊ ပြောင်းစသည့် အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၁ဝဝ,ဝဝဝ နှုန်းဖြင့် ထုတ်ချေးပေး ကြောင်း သိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီအတွက် ထုတ်ချေးပေးပြီးသည့် မြို့နယ်များမှာ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ စဉ်တိုင်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စဉ်ကူးမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်တို့ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘက်ခွဲမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here