တရားမဝင် စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချမှုများအား သတင်းပို့တိုင်ကြားရန် နစက သတိပေး

0
201

ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းများရှိ အချို့မြို့ကြီးများတွင် စက်သုံးဆီ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရသည့် အခက်အခဲများကို ပြေလည်နိုင်စေရေး စီမံဆောင်ရွက်လျက်ရှိပြီး တရားမဝင် သိုလှောင်ရောင်းချနေမှုများကို ဖော်ထုတ်အရေးယူနိုင်ရန် သတင်းပို့ တိုင်ကြားနိုင်ကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။

ပြည်တွင်း၌ စက်သုံးဆီပြတ်လတ်မည်ဆိုသည့် ကောလဟလသတင်းများကြောင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး တဆင့် ပြန်လည်ရောင်းချခြင်းများကြောင့် အမှန်တကယ် လိုအပ်သူများမှာ စက်သုံးဆီအရောင်းများတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီနေရခြင်း ဖြစ်သည်။

အများပြည်သူ ခရီးသွားလာမှုနှင့် အထွေထွေလုပ်ငန်းကိစ္စရပ်များ လုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဒီဇင်ဘာလ (၁၁) ရက်တွင် 92 Ron ဂါလန်(၆သိန်းကျော်)၊ 95 Ron ဂါလန် (၄ သိန်းခန့်)၊ ဒီဇယ်ဆီ ဂါလန်(၄ သိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၅သိန်းကျော်)၊ စုစုပေါင်း စက်သုံးဆီ ဂါလန်(၂သန်းခန့်) ဖြန့်ဖြူးခဲ့သဖြင့် ယခင်ထက် (၃)ဆခန့် ပိုမိုဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

သို့သော် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအားကို ကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိသည့်အတွက် အမှန်တကယ် ပုံမှန်အသုံးပြုရန် လိုအပ်သည့် ပြည်သူများအနေဖြင့် လူမှုရေး၊ ကျန်းမာရေး ကိစ္စများ အပါအဝင် အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် လိုအပ်သည့် စက်သုံးဆီများအား ယနေ့အထိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူနေရသည်ကို တွေ့ရှိရကြောင်း နစက က ဆိုသည်။

လက်ရှိ ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေနှင့် ပြည်ပမှ မှာယူထားသည့် စက်သုံးဆီများ စဉ်ဆက်မပြတ် ဆက်လက်ဝင်ရောက်နေမှုကြောင့် နိုင်ငံတော်အတွင်း စက်သုံးဆီပြတ်လပ်နိုင်သည့် အခြေအနေမရှိသဖြင့် အများပြည်သူအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီများကိုမိမိတို့လိုအပ်သလောက် စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ အမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန်ကုန်သက်သာစွာဖြင့် လိုအပ်သည့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ်ကြိမ် တန်းစီဝယ်ယူကာ တဆင့်ပြန်လည်ရောင်းချမှုများနှင့် တရားမဝင်သိုလှောင် ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများကို တွေ့ရှိပါက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီး ဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ သတင်းပို့ တိုင်ကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here