ဂါဇာမှာ ချက်ချင်း အပစ်ရပ်ဖို့ ကုလသမဂ္ဂ တောင်းဆို အစ္စရေးအပေါ် ထောက်ခံမှုတွေ ဆုံးရှုံးလာနေဟု ဂျိုးဘိုင်ဒင် သတိပေး

0
323

ဂါဇာဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲမှု ချက်ချင်းလုပ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပြီး ဟားမတ်စ်ချေမှုန်းရေး စစ်ပွဲမှာ အစ္စရေးဟာ သံတမန်ရေးရာ အထီးကျန်မှုကြီးထွားလာခြင်းနဲ့ ရင်ဆိုင်လာရကြောင်း သိရပါတယ်။

အစ္စရေးအနေနဲ့ အရပ်သားတွေကိုပါ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်နေမှုဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုအပေါ် ထိခိုက်လာစေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ကာလကြာရှည် မဟာမိတ်နိုင်ငံကို သတိပေးလာပါတယ်။

ဂါဇာမှာ လူသားချင်းစာနာမှု အကျပ်အတည်းအလွန်အမင်းဆိုးဝါးလာနေတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက စိုးရိမ်တကြီး သတိပေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၂ ရက်မှာ ပြုလုပ်တဲ့ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံက အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။

အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံ လေးပုံ သုံးပုံက ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြတာဖြစ်ပါတယ်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး အပစ်ရပ်စဲရေး ဖော်ဆောင်ဖို့ရာ အစ္စရေးကို ဖိအားပေးကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲမှုဟာ ဟားမတ်စ်တို့အတွက်သာလျင် အကျိုးရှိစေလိမ့်မယ်လို့ အမေရိကန်နဲ့ အစ္စရေးတို့က ခုခံချေပခဲ့ကြပြီး အခြား ရှစ်နိုင်ငံနဲ့အတူ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲမှု ဆိုတာဟာ ဟားမတ်စ်တို့ရဲ့ ရှင်သန်မှုကို အာမခံတဲ့၊ အစ္စရေးနဲ့ ဂျူး လူမျိုးများကို သုတ်သင်မယ့် လူမျိုးတုံး သ-တ်ဖြ-တ်မှုဆိုင်ရာ အကြမ်းဖက်သမားတွေရဲ့ ရှင်သန်မှုကို အာမခံတဲ့ တစ်ခုတည်းသောအရာသာဖြစ်တယ်လို့ မဲခွဲဆုံးဖြတ်မှု မတိုင်မီမှာ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဂီလက် အာဒန်က ပြောဆိုသွားခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here